Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Friday, 3 October 2014

သွေးကြွေး (၁၅)



နှစ်လွှာကနေ သုံးလွှာကိုတက်တော့ လှေကားပေါ်မှာ စန့်စန့်ကြီးဖြစ်နေတဲ့ ခါလစ်ကိုယ်ပေါ်ကို တက်မနင်းမိအောင် သတိထားပြီးတက်ရပါတယ်။ ခါလစ်ဆီကထွက်လာတဲ့ သွေးတွေနဲ့ ကြောင်လိမ်လှေကားကြမ်းပြင်ကလည်း ချော်နေလို့ တလှမ်းချင်းတက်ကြရပါတယ်။ ခါလစ်လဲကျနေတဲ့နားက လှေကားထစ်တွေမှာ ထောင်နေတဲ့ AK-47 တလက်ကိုတွေ့ရပါတယ်။ ခါလစ်ကိုင်ထားတဲ့သေနတ်လို့ ယူဆရပါတယ်။

အင်း… ဒီမောင်ထလာပြီး အဲဒီသေနတ်ကိုဆက်မသုံးနိုင်တော့တာ တော်တော်ကောင်းသွားတယ်… လို့ ကျနော်လည်း စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။ ခါလစ်ကိုပစ်လိုက်တဲ့ Operator သာ ခါလစ်ကိုနာမည်ခေါ်ပြီးမထုတ်ရင် အဲဒီကြောင်လိမ်လှေကား ကျဉ်းကျဉ်းလေးထဲမှာ ကျနော်တို့ခေါင်းတောင် ထောင်နိုင်မှာမဟုတ်ဘူး။

ကျနော်တို့အောက်ကတက်လာတာနဲ့ နှစ်လွှာနဲ့သုံးလွှာကြားက တထောက်နားတဲ့နေရာ၊ အခုသူလဲနေတဲ့နေရာကနေ တခါပစ် လေးငါးချက်လောက်ကို အေးဆေးထိုင်ပစ်နေရုံပဲ။ အောက်ကတက်လာတဲ့ ကျနော်တို့ SEAL တွေတော့ တော်တော့ကို တိုင်ပတ်သွားပါလိမ့်မယ်။ အနေအထားအရ အပေါ်ကခါလစ်ယူထားတဲ့နေရာက အသာစီးရနေတဲ့ အနေအထားဆိုတော့ ကျနော်တို့ထဲက သေကြေဒဏ်ရာရတာမျိုးတွေလည်း ရှိပါလိ့မ်မယ်။

ဒီစစ်ဆင်ရေးမှာ အကြီးအကျယ်တိုက်ရလိမ့်မယ်လို့ မှန်းပြီး ကျနော်တို့ပြင်ဆင်ထားကြပါတယ်။ အသေခံဗုံးခွဲတာတို့ဘာတို့ပေါ့ဗျာ။ ခုထိကတော့ နည်းနည်းပါးပါးခုခံနိုင်တာဆိုလို့ အာမက်တယောက်လောက်ပဲ ရှိသေးတယ်။ ခါလစ်နဲ့ အက်ဘ်ရာ တို့နှစ်ယောက်ကတော့ ဘာမှန်းတောင် မသိလိုက်ဘူးဖြစ်သွားကြပါတယ်

ဒါပေမယ့် ခါလစ်ကတော့ နည်းနည်းပြင်ဆင်ထားပုံရတယ်။ ကျနော်တို့သူ့သေနတ်ကိုစစ်ကြည့်တော့ သေနတ်က မောင်းတင် ကျည်ထိုးပြီးသား၊ တန်းပစ်ရုံပါပဲ။ သူ့အနေနဲ့လည်း ပြင်ဆင်ထားပေမယ့်၊ ကံမကောင်းရှာပါဘူး။ အမေရိကန်စစ်တပ်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေထဲမှာ ထိပ်သီးအထူးတပ်ဖွဲ့ (Special Forces) နှစ်ဖွဲ့ရှိပါတယ်။ တခုက Delta Force လို့ခေါ်တဲ့ 1st SFOD-Delta နဲ့ DEVGRU လို့ခေါ်တဲ့ SEAL Team Six ပါ။ ကံဆိုးချင်တော့ သူတို့အခု ရင်ဆိုင်နေရတာက DEVGRU Operator တွေပါ။ ဆိုလိုချင်တာကတော့ သူတို့အသက်ရှင်ဖို့ဆိုတာ တော်တော့ကိုမလွယ်တာပါ။

ကြောင်လိမ်လှေကားပေါ်မှာက မှောင်နဲ့မည်းမည်းဆိုတော့ သာမန်မျက်စိနဲ့ကြည့်ရင် ဘာမှကိုမမြင်နိုင်ပါဘူး။ NVG တွေထဲကနေကြည့်ရင်တော့ ပတ်ဝန်းကျင်တခုလုံးကို အစိမ်းရောင်မြင်ကွင်းနဲ့မြင်နိုင်ပါတယ်။ ခါလစ်ကိုပစ်လိုက်တဲ့ Operator က အခုတော့ ပွိုင့်နေရာက တက်နေပါပြီ။ ကျနော်တို့ကတော့ သူ့နောက်ကကပ်ပြီး လိုက်တက်ကြပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အားလုံးတလှမ်းချင်းချင်း တက်သွားကြပါတယ်။ အခုအခြေအနေမှာတော့ ပွိုင့်သမားပေါ်ပဲ မူတည်ပါတယ်။ ကျနော်တို့လည်း သူအချက်ပေးတာကိုပဲ စောင့်ကြည့်နေကြရပါတယ်။ တက်လိုက်၊ ခဏရပ်လိုက်ကြ၊ တက်လိုက်၊ ခဏရပ်လိုက်ကြနဲ့ပါ။

ခုချိန်ထိကတော့ အားလုံးအိုကေနေပါတယ်။ ဒီခြံထဲမှာအနည်းဆုံး ယောက်ျားသား လေးယောက်ရှိတယ်ဆိုတာ ထောက်လှမ်းရေးသတင်းအရ ကျနော်တို့သိထားပါတယ်။ အဲဒီတော့ ခုကျန်တဲ့တယောက်က ကျနော်တို့လိုချင်တဲ့ ပစ်မှတ်ပါ။ ဒါပေမယ့် သုံးလွှာမှာရှိနေတဲ့လူက ဘယ်သူဘယ်ဝါဆိုတာထက် ပစ်ခတ်မှုတွေတော့ဖြစ်နိုင်မယ်လို့ ကျနော်ယူဆမိပါတယ်။ ဖြစ်ရင်လည်းပွဲက စက္ကန့်ပိုင်းအတွင်း ပြီးသွားပါလိမ့်မယ်။ နည်းနည်းလေးမှကို အတိမ်းအစောင်းမခံတဲ့ အနေအထားပါ။

ကျနော့်နေရာက ပွိုင့်သမားရဲ့အနောက်ကပ်လျက်ဆိုတော့ ပစ်ကြပြီဆိုတာနဲ့ ကျနော့်အနေနဲ့ ပွိုင့်သမားကို ကူပစ်ပေးရမှာပါ။ အဲလိုနဲ့ အချိန်က ၁၅ မိနစ်လောက်ကုန်သွားပါပြီ။ အပေါ်ထပ်က ပုဂ္ဂိုလ်အနေနဲ့လည်း အသေခံဗုံးခွဲတဲ့ ၀တ်စုံတွေ ဘာတွေဝတ်တာတို့၊ သေနတ်ကိုပြင်ဆင်တာတို့ လုပ်ဖို့အချိန် အလုံအလောက် ရပါတယ်။ ကျနော်လည်း NVG ထဲကနေ အပေါ်ဘက်ကို သေချာလိုက်ကြည့်နေရပါတယ်။ အာရုံငါးပါးလုံးကို အလုပ်ပေးထားရပါတယ်။

ရုတ်တရက်… နားထဲမှာ သေနတ်ကို ကျည်ထိုးလိုက်သလိုလို၊ တယောက်ယောက် ချဉ်းကပ်လာသလိုလို တချက်ကြားလိုက်တယ်...

လောလောဆယ် ကျနော်တို့ရင်ဆိုင်နေရတဲ့ အနေအထားကတော့ ပါကစ္စတန်ကို ရောက်နေတာကလွဲရင် ကျန်တာတွေက SEAL Team Six ထဲဝင်ဖို့အတွက် လေ့ကျင့်ရတဲ့ Green Team မှာတုန်းက အခန်းတွေလိုက်ရှင်းနေရတာနဲ့ တူတူပါပဲ။ အပေါ်ထပ်သုံးလွှာရဲ့ ကြောင်လိမ်လှေကား အဆုံးသတ်တဲ့နေရာက Hallway (လျှောက်လမ်း) အသေးတခုနဲ့ ဆက်နေပါတယ်။ လျှောက်လမ်းရဲ့အဆုံးမှာတော့ လသာဆောင်ထွက်တဲ့ တံခါးပေါက်တခုရှိပါတယ်။

ကြောင်လိမ်လှေကားအဆုံးသတ်သွားတဲ့နေရာနဲ့ မလှမ်းမကမ်း ငါးပေအကွာလောက်မှာတော့ Hallway ရဲ့ ဗယ်ညာမှာ တံခါးပေါက်တခုစီရှိပါတယ်။ ကြောင်လိမ်လှေကားလေးက တော်တော်လေးကျဉ်းပါတယ်။ အထူးသဖြင့် လက်နက်ပစ္စည်းကိရိယာတွေ အပြည့်အစုံနဲ့ တအုပ်ကြီးဆိုတော့ ပွိုင့်သမားကိုကျော်ပြီး ဘာမှကိုမမြင်ရဘူး ဖြစ်နေပါတယ်။ သုံးလွှာကိုရောက်ဖို့ လှေကားထစ်ငါးထစ်လောက် အလိုလဲကျရော…

“ ဒုတ် ဒုတ်…”

Hallway ရဲ့ ညာဘက်ခြမ်းက အခန်းဝမှာ လူတယောက်ထွက်ချောင်းတာကို ပွိုင့်သမားက လှမ်းမြင်လိုက်ပြီး Double Tap (နှစ်ချက်ဆင့်) ပစ်လိုက်ပါတယ်။ ပွိုင့်သမားရောက်နေတဲ့နေရာနဲ့ အဲဒီညာဘက်တံခါးပေါက်နဲ့က ဆယ်ပေလောက်ပဲကွာပါတယ်။ သူ့ကိုယ်လုံးကရှေ့ကကွယ်နေတော့ သူပစ်လိုက်တာ ထိသွားလား၊ မထိဘူးလား ကျနော့်နေရာကနေ ဘာမှကိုမမြင်လိုက်ရဘူး။
ပွိုင့်သမားက လှေကားအဆုံးကို အရင်ရောက်သွားပြီး အဲဒီတံခါးပေါက်နားကိုကပ်သွားပါတယ်။ ရုပ်ရှင်ထဲကလို သေနတ်တွေတဒိုင်းဒိုင်းနဲ့ အခန်းထဲကို ၀ုန်းဒိုင်းကြဲပြီး ချက်ချင်းဝင်သွားတာမျိုး လုပ်လို့မရပါဘူး။ နည်းနည်းလေး အချိန်ယူရပါတယ်။ ပွိုင့်သမားသေနတ်က အခန်းထဲကိုချိန်ထားတဲ့အချိန်မှာ ကျနော်တို့လည်း သာသာလေး ခြေကိုဖော့ပြီး ပွင့်နေတဲ့တံခါးပေါက်နားကို ချဉ်းကပ်သွားကြပါတယ်။ ချက်ချင်းမ၀င်သေးပါဘူး။ တံခါးဝကနေပြီး အခြေအနေကို တချက်စောင့်ကြည့် အကဲခတ်လိုက်ကြပါသေးတယ်။

အထဲမှာရှိတဲ့ခုတင်တလုံးရဲ့ ခြေရင်းမှာလဲ လူတယောက်လဲနေပြီး ဘေးမှာတော့ အမျိုးသမီးနှစ်ယောက်က ငိုနေကြတာကိုတွေ့လိုက်ရပါတယ်။ ဂါဝန်ရှည်တွေဝတ်ထားတဲ့ အမျိုးသမီးတွေက ပွယောင်းယောင်းဖြစ်နေပြီး အခုပဲအိပ်ယာက ထလာကြတဲ့ ပုံတွေပါ။ အာရဗီစကားတွေနဲ့ တတွတ်တွတ်ပြောပြီး တရှုံ့ရှုံ့ ငိုနေကြပါတယ်။ အဲဒီမှာ အဲဒီနှစ်ယောက်ထဲက ခပ်ငယ်ငယ် မိန်းကလေးက အပေါက်ဝရောက်နေတဲ့ ကျနော်တို့ကိုတွေ့သွားပါတယ်။ အဲဒီမှာ အဲဒီမိန်းကလေးက အာရဗီစကားနဲ့အော်ဟစ်ပြီး ပွိုင့်သမားဆီပြေးချလာပါတော့တယ်။

ကျနော်တို့နဲ့ မိန်းကလေးရှိနေတဲ့ နေရာနဲ့က ငါးပေတောင်မကွာလှပါဘူး။ ပွိုင့်သမားလဲ လွယ်ကြိုးနဲ့လွယ်ထားတဲ့ သေနတ်ကို ဘေးကိုလွှဲချ၊ ပြေးဝင်လာတဲ့ အဲဒီမိန်းကလေးကိုဆီးဖမ်းလိုက်ပြီး သူရော၊ ကျန်တဲ့အမျိုးသမီးကြီးကိုပါ အခန်းရဲ့ထောင့်ထဲကို ဆွဲခေါ်သွားပါတယ်။ အခန်းထဲက မိန်းမတယောက်ယောက်သာ အသေခံဗုံးခွဲမယ့်ဝတ်စုံ ၀တ်ထားရင်တော့ အခန်းဝမှာကျန်ခဲ့တဲ့ ကျနော်တို့ SEAL တွေတော့ လွတ်သွားနိုင်ပေမယ့် ပွိုင့်သမားတော့ သေမှာကျိန်းသေပါတယ်။ ကျန်တဲ့လူတွေအတွက် ပွိုင့်သမားက အနစ်နာခံပြီး လုပ်သွားတာပါ။

အမျိုးသမီးတွေ အခန်းထောင့်ရောက်သွားတော့ ကျနော်နဲ့ ကျနော့်နောက်ကပ်ပါလာတဲ့ SEAL တယောက်၊ နှစ်ယောက်တွဲ အခန်းထဲကို လိုက်ဝင်ကြပါတယ်။ ပြီးတော့ ခုတင်ခြေရင်းမှာ လဲနေတဲ့လူကို ကြည့်လိုက်တော့ ပွိုင့်သမားပစ်လိုက်တဲ့ ကျည်တွေကသူ့ခေါင်းရဲ့ ညာဘက်ခြမ်းက ၀င်သွားပြီး သွေးတွေရော၊ ဦးနှောက်တွေပါ ထွက်နေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီလူ မသေသေးပဲ ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲနေပါတယ်။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော်နဲ့ကပ်ဝင်လာတဲ့မောင်ရယ်၊ နှစ်ယောက်လုံး သေနတ်က IR Laser တွေကို မသေသေးပဲ အကြောဆွဲနေတဲ့ပုဂ္ဂိုလ်ရဲ့ ရင်ဘတ်ပေါ်ကို ထိုးချိန်လိုက်ရပါတယ်။

“ ဒုတ် ဒုတ်… ဒုတ် ဒုတ်…”

အခန်းထဲကိုတချက်ဝေ့ကြည့်လိုက်တော့ လသာဆောင်ကိုထွက်တဲ့ ဆွဲတံခါးအနားက အခန်းထောင့်မှာ ကြောက်လန့်ပြီး တယောက်နဲ့တယောက် အတင်းဖက်ထားတဲ့ ကလေး (၃) ယောက်ကို တွေ့လိုက်ရပါတယ်။ ယောက်ျားလေးတွေလား၊ မိန်းကလေးတွေလားတော့ ကျနော်လည်း မသိဘူး။ စိတ်ချရအောင် ကျနော်အခန်းကို ရှင်းတော့ သူတို့လေးတွေ ငြိမ်နေကြပါတယ်။
ပြီးတာနဲ့ ကျနော်တို့ အဲဒီအခန်းထဲမှာ ရှိတဲ့ အခန်းအသေး (၂) ခန်းကို ဆက်ရှင်းရပါတယ်။

ပထမတခန်းရဲ့တံခါးကို ဖွင့်လိုက်တော့ အခန်းက ကျဉ်းကျဉ်းကျုတ်ကျုတ်နဲ့ ရှုပ်ပွနေပါတယ်။ အခန်းထဲက စားပွဲလေးပေါ်မှာလည်း စာရွက်တွေဖရိုဖရဲနဲ့ပါ။ နောက်ကျန်တဲ့တခန်းကတော့ Toilet ပါ။ လုပ်စရာရှိတာတွေအားလုံးက ကျင့်သားရပြီးသားအလုပ်တွေပါ။ ကျနော်တို့စိတ်တွေထဲမှာတော့ လုပ်ပြီးသွားတဲ့ အဆင့်အားလုံးကို မှတ်နေပါတယ်။ ကျနော်တို့နှစ်ယောက် အခန်းလေးနှစ်ခန်းကို ရှင်းနေကြတဲ့အချိန်မှာ ကျန်တဲ့ Operator တွေက Hallway ရဲ့ဗယ်ဘက်ခြမ်းက အခန်းကိုသွားရှင်းနေကြပါတယ်

ကျနော်တို့ဘက်အခြမ်းက အားလုံးပြီးသွားတော့ အခန်းထဲကထွက်ပြီး ဗယ်ဘက်အခြမ်းကအခန်းကို ကူးသွားလိုက်တော့ လမ်းမှာ ဝေါ့လ်ထ် နဲ့တွေ့လိုက်ပါတယ်။

“ ဟိုဘက်မှာ အားလုံးရှင်းပြီးသွားပြီ…” လို့ ဝေါ့လ်ထ်က လှမ်းပြောပါတယ်။

“ အင်း…ဒီဘက်လည်းရှင်းပြီးပြီ…” ဆိုတဲ့အကြောင်း ကျနော်လည်း ပြန်ပြောလိုက်ပါတယ်။

ကျနော်တို့ရှင်းတဲ့ အခန်းထဲက အမျိုးသမီးနှစ်ယောက်နဲ့ ကလေးသုံးယောက်ကို ပွိုင့်သမားက အခန်းပြင်က လသာဆောင်ကို ခေါ်ထုတ်သွားပြီး သူတတ်နိုင်သလောက် နှစ်သိမ့်ပေးနေပါတယ်။ သုံးလွှာရောက်နေတဲ့ SEAL တွေထဲမှာ တော်မ် တယောက်လည်းပါပါတယ်။ အဲဒီအချိန်မှာပဲ…

“ သုံးလွှာ… အားလုံးရှင်းတယ်…” ဆိုတဲ့ ...

တော့်မ်အသံကို Troop Net ကနေကြားလိုက်ရပါတယ်။ (ဆက်ရန်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...