ဒီရင်နားပါ အရိုင်းလိပ်ပြာ

ကျနော်လမ်းလျှောက်ရမည်..ဒီတောကြီးထဲကထွက်ရမည်ဆိုသောအသိသာရှိနေသည်..ကျနော်ဘယ်ကိုလျှောက်နေမိသည်ကိုပင်မမှတ်မိတော့...ဘယ်လိုခရီးဆက်နေလဲကျနော့်ခေါင်းကလိုက်မတွေးနိုင်တော့ပါ..ဒဏ်ရာသည်သွေးခဲခြောက်များနှင့်ယောင်ကိုင်းထုံကျဉ်နေပြီ..လူကလမ်းလျောက်နေပေမယ့်သတိကရတချက်မရတချက်ဖြစ်နေသည်...

တိမ်ညိုလွှမ်းသည့်ပန်းစံပယ်

ဒီနေ့မနက်စိုးမြတ်ငြိမ်းရင်တွေခုန်နေသည်..မနေ့ညကမူးတုန်းချလိုက်သောဆုံးဖြတ်ချက်ကမနက်အမူးပြေချိန်မှာသို့လော..သို့လော...ဒူးတွေကတုန်သလိုလို..ရေငတ်နေသလိုလို..ကိုယ်တွေပူလာသလိုလိုနှင့်တမနက်လုံးဘာလိုလိုတွေများနေတော့သည်..ကျောင်းအုပ်ကြီးအခြေအနေကိုလည်းမကြာခဏသွားချောင်းနေရသေးသည်

နှလုံးသားဒဏ္ဍာရီ

မင်းအောင်ကခပ်တည်တည်နှင့်စနောက်တတ်သလောက်နဒီကတော့ခပ်ပြုံးပြုံးနေတတ်ပြီးဆရာလုပ်တတ်သူလေးဖြစ်သည်..စာလည်းတော်သည်..နဒီသည်သူမတခါမှမမြင်ဖူးသောသရဲကိုအလွန်ကြောက်တတ်သူဖြစ်ပြီးသရဲတစ္ဆေအကြောင်းပြောကြလျှင်ရှေ့ဆုံးမှနားထောင်တတ်သူဖြစ်သည်

သံယောဇဉ်နွယ်ရစ်လို့ကြွေ

နန်းမိုဟွမ်တယောက်ယာခင်းစပ်မှာချထားတဲ့ပလိုင်းထဲကအဖန်ရည်ဘူးကိုဆွဲထုတ်ရင်းအဆာပြေစားဖို့ထဲ့လာသောခေါပုတ်မီးကင်တမြှောင်းကိုပါဖက်နဲ့ပတ်ပြီးယူလာလိုက်သည်

Window 8.1 AIO Pre Activated

Window 8.2 AIO 2oin1 x64 ကို ကျနော် နှစ်ပိုင်းခွဲပြီး တင်ထားပေးပါတယ်.။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ ခင်ဗျာ.။ နှစ်ခုပေါင်း 3GB ကျော်လောက် ရှိပါတယ်။

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Friday 3 October 2014

သွေးကြွေး (ဇာတ်သိမ်း)


အခုနက အခန်းဘက်ကို ကျနော်ပြန်လျှောက်လာခဲ့တော့ အသက်ငယ်ငယ်နဲ့ မိန်းကလေးက ခုတင်ပေါ်မှာ ခြေသလုံးကိုကိုင်ပြီး ငိုယိုနေတယ်။ သူ့ခြေထောက်မှာ နည်းနည်းလေး ရှပ်ထိထားတယ်။

ဝေါ့လ်ထ်ကတော့ အလောင်းဘေးမှာရပ်နေပါတယ်။ အခန်းထဲမှာကလည်း မှောင်နေတော့ NVG ထဲကနေ အလောင်းကဘယ်သူဘယ်ဝါဆိုတာ သေချာမသဲကွဲဘူး ဖြစ်နေပါတယ်။ အခုတော့ သုံးလွှာတထပ်လုံးလဲ ရှင်းလင်းပြီးပြီ၊ အခန်းထဲက ပြတင်းပေါက်တွေအားလုံးကလဲ အပြင်ကမမြင်ရအောင် ကာထားတာဆိုတော့ ဓါတ်မီးသုံးလို့ရပါပြီ။

အဲဒီအလောင်းရဲ့ခေါင်းမှာ ညာဘက်နဖူးတခြမ်းက ပွင့်ထွက်သွားပါတယ်။ ကျနော်တို့ထပ်ပစ်ထားတဲ့ ကျည်ဝင်ပေါက်တွေရှိပါတယ်။ ကျနော်လည်း သေချာမြင်ရအောင် အနားကပ်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ တော်မ်လည်းပေါက်ချလာပြီး အလောင်းကိုလာကြည့်ပါတယ်။

“ ကြည့်ရတာကျနော်တို့လိုချင်တဲ့လူထင်တယ်…” လို့ တော်မ်ကဆိုပါတယ်။

အခုစစ်ဆင်ရေးကို White House မှာလည်း ကြည့်နေပြီး၊ ကျနော်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုတွေကိုလည်း အဲဒီကြားနေရတော့၊ မှားသွားရင် မကောင်းတတ်တာနဲ့ ဒါဘယ်သူဘယ်ဝါလို့ တော်မ် က နာမည်တပ်မပြောတာပါ။
ကျနော့်ခေါင်းထဲက ပစ်မှတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအရ…
ခုသေနေတဲ့လူက သုံးလွှာမှာရှိတဲ့ ယောက်ျား၊ အရပ်တော်တော်ရှည်တယ်၊ ၆ ပေ၊ ၄ လက်မ လောက်ရှိမယ်ထင်တယ်။ အဲဒီအချက်တွေအားလုံးကိုက်ပါတယ်။

ဆက်သားနှစ်ယောက်ဖြစ်တဲ့ အာမက်တို့ညီအကိုတွေ ရှိနေကြတဲ့ နေရာတွေကလည်း ထောက်လှမ်းရေးသတင်းအတိုင်း ကွက်တိပဲ။
ကြည့်နေရင်းနဲ့ ကျနော့်မျက်လုံးက အဲဒီလူရဲ့နှာခေါင်းကိုရောက်သွားပါတယ်။ နှာခေါင်းကမပျက်စီးပဲ အကောင်းအတိုင်းရှိနေပါတယ်။ ကျနော်လည်း ကျနော့်မှာပါလာတဲ့ စာအုပ်လေးကိုထုတ်ပြီး စာအုပ်ထဲက ပစ်မှတ်ရဲ့ ဖြစ်နိုင်တဲ့ မျက်နှာပုံအမျိုးမျိုးကို တချက်ကြည့်လိုက်တော့ သေးသေးရှည်ရှည် နှာခေါင်းက သွားကိုက်နေပါတယ်။ မုတ်ဆိတ်ကလည်းအမည်းတွေ။

ကျနော့် ရာဘာလက်အိတ်နဲ့ ကင်မရာတွေထုတ်ပြီး ဓါတ်ပုံတွေရိုက်ယူပါတယ်။ ဝေါ့လ်ထ်ကတော့ DNA Sample တွေယူပါတယ်။ အာရဗီစကားတတ်တဲ့ ၀ီလ်လည်းရောက်လာပီး ငိုနေတဲ့ ကောင်မလေးခြေထောက်ကို ဆေးထည့်ပေးနေပါတယ်။ အဲဒီကောင်မလေးနာမည်က အမားလ်အယ်ဖာတာ (Amal al-Fatah) ပါ။ ပစ်မှတ်လူရဲ့ ငါးယောက်မြောက်မယားပါ။ ခြေသလုံးမှာ နည်းနည်းလေးထိထားတယ်။ ကျည်စတခုခုမှန်ထားတဲ့ပုံပါ။

“ အောက်ဘက်မှာ သတင်းအချက်အလက်ယူလို့ရမယ့် ပစ္စည်း (SSE) တွေအပုံလိုက်ပဲ… အင်အားလိုနေတယ်…”

အဲဒါနဲ့ တော်မ်လည်း ထွက်သွားတော့ Command Net ကနေ သူ့အသံကိုကြားလိုက်ရပါတယ်။

“ သုံးလွှာမှာ ရေနံတွင်းမိလိုက်တယ်ဟေ့…”

ဝေါ့လ်ထ်က သူ့ CamelBak ကျောပိုးရေဗူးက ပိုက်လေးထုတ်ပြီး အလောင်းရဲ့မျက်နှာပေါ်ကိုဖြန်းချလိုက်ပါတယ်။ ကျနော်လည်း အိပ်ယာပေါ်ကစောင်တခုယူပြီး အလောင်းရဲ့မျက်နှာပေါ်ကို သုတ်ချရင်းနဲ့မှ သူ့မျက်နှာကိုပိုပိုမှတ်မိလာပါတယ်။

ဒီလူ့ ကြည့်ရတာ ရွှေနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ အားကျလို့ထင်ပါရဲ့။ မုတ်ဆိတ်တွေကလည်း ဆေးအမည်းဆိုးထားတော့ မည်းနက်နေတယ်။ ဒီလူ့မျက်နှာက ကျနော်ထင်ထားသလိုတောင် မဟုတ်ဘူး။ အင်း… ဒီလူ့မျက်နှာကို အနီးကပ်မြင်ရတာ နည်းနည်းတော့တမျိုးပါပဲ။
ပြီးခဲ့တဲ့ဆယ်စုနှစ်တခုလုံး ကျနော်တို့တိုက်နေရတဲ့ အဓိကဇစ်မြစ်က ဒင်းပေါ့ဗျာ။

ကမ္ဘာပေါ်မှာ အလိုအရှိဆုံးလူရဲ့ မျက်နှာပေါ်ကသွေးတွေကို သုတ်ပြီး ဓါတ်ပုံရိုက်ရမှာ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်သလိုပဲ။ လောလောဆယ်တော့ ကျနော်တို့ အနေနဲ့ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေရဖို့လိုပါတယ်။ အခုရိုက်မယ့် ဓါတ်ပုံတွေကို လူတွေအများကြီးကကြည့်ကြမှာဆိုတော့၊ ဂဂျိုးဂဂျောင်မဖြစ်တာ အကောင်းဆုံးပါပဲ။

လက်ထဲက စောင်ကိုဘေးချလိုက်ပြီး ပါလာတဲ့ကင်မရာကိုထုတ်လိုက်ပါတယ်။ အခုရိုက်ရမယ့်ဓါတ်ပုံမျိုးတွေကို ကျနော်တို့အဖွဲ့သားတွေ ကောင်းကောင်းလေး ရိုက်တတ်ပါတယ်။ ကျနော်တို့တွေ အာဖဂန်နစ္စတန်မှာ CSI Afghanistan လုပ်နေကြတာ တော်တော်တောင်ကြာနေပါပြီ။ တကိုယ်လုံးကိုရိုက်ပြီး၊ မျက်နှာပုံတွေပါ ထပ်ရိုက်ယူလိုက်ပါတယ်။

နှာခေါင်းကြီးကတော့ထင်းနေတာပဲဗျာ။ ကျနော်တို့ ဓါတ်ပုံရိုက်နေတုန်းမှာပဲ ကျနော်တို့အဖွဲ့သားတွေက အောက်ထပ်မှာတွေ့တဲ့ ကွန်ပြူတာတွေ၊ မယ်မိုရီကဒ်တွေ၊ မှတ်စုစာအုပ်တွေ၊ ဗီဒီယိုတွေအားလုံးကို သိမ်းနေပါတယ်။ ခြံပြင်မှာတော့ CIA စကားပြန်အလီနဲ့ အပြင်စည်းလုံခြုံရေးယူထားတဲ့အဖွဲ့လည်း အနီးအနားက ကိုစပ်စု၊ မစပ်စုတို့နဲ့ နည်းနည်းပွားနေရလေရဲ့။

“ ဖောက်ခွဲရေးအဖွဲ့… ခွဲဖို့ပြင်တော့…”

Troop Net ကနေ မိုက်ခ် အသံတချက်ကြားလိုက်ပါတယ်။ အဲဒီနောက်တော့ ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်နဲ့ EOD Tech နဲ့ ခြံနောက်ဖက် သွားနေကြတာကို Troop Net နေ ကြားနေရပါတယ်။ (EOD Tech – Explosive Ordnance Disposal Technician)

“ အဲဒါကိုခွဲပစ်ရမှာနော်…” ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင် ပြောလိုက်တာကိုကြားရပါတယ်။

“ ကြားတယ်…” EOD Tech က ပြန်ပြောပါတယ်။

အဲဒါနဲ့ EOD Tech လည်း ဖောက်ခွဲရေးယမ်းတွေထုတ်ပြီး အိမ်ကြီးရဲ့ မြေညီထပ်မှာ လိုက်ဆင်ပါတော့တယ်။

“ What the fuck…? ”

ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင် က ဗြုန်းဆိုထမေးပါလေရော။ သူမေးလိုက်တော့ အားလုံးလဲ ကြောင်တောင်တောင်တွေဖြစ်ကုန်ကြတယ်။

“ ခုနက ခွဲမလို့ဆို…” EOD Tech ကပြန်ပြောပါတယ်။

“ အိမ်ကိုပြောတာမဟုတ်ဘူး… ဟယ်လီကော်ပတာကိုပြောတာ…”

“ အမ်… ဘယ်ကဟယ်လီကော်ပတာတုန်း…”

ကျနော်တို့စီမံချက်တွေထဲမှာ အဆင်မပြေတာရှိရင် အိမ်ကြီးကိုပဲ ဖောက်ခွဲပစ်ဖို့ပါပါတယ်။ အဲဒီတော့ EOD Tech ကလည်း အိမ်ကြီးကိုဖောက်ခွဲရမယ်လို့ ထင်တာပေါ့။ ကျနော်တို့ဟယ်လီကော်ပတာ ပျက်ကျတဲ့သတင်းက ခုထိသိပ်မသိကြသေးဘူးဖြစ်နေတယ်။

ကျနော်တို့စစ်ဆင်ရေးကို ၀ါရှင်တန်မှာလည်း ကင်မရာတပ်ထားတဲ့ Drone နဲ့ တိုက်ရိုက်ကြည့်နေကြတော့ သူတို့မြင်ရတာက ဟယ်လီကော်ပတာက ခြံထဲဆင်းရပ်ပြီး လူတွေကိုချပေးနေသလိုဖြစ်နေတယ်။ သမ္မတနဲ့ အိမ်ဖြူတော် အထက်တန်းအရာရှိတွေလည်း အူကြောင်ကြောင်တွေဖြစ်ပြီး ဘာတွေဖြစ်နေတုန်းဆိုပြီး JSOC ကိုတောင် လှမ်းမေးလိုက်ကြသေးတယ်။

ခြံနောက်မှာတော့ ဟယ်လီကော်ပတာ အဖွဲ့သားတွေက ဖျက်ဆီးရမယ့် ပစ္စည်းကိရိယာတွေ အားလုံးကို ဖျက်ဆီးနေပြီးသွားကြပါပြီ။ ဟယ်လီကော်ပတာထဲကနေ နောက်ဆုံးမှ ဆင်းလာတာကတော့ ပိုင်းလော့တက်ဒီပါ။ သူဆင်းဖို့အောက်ကိုကြည့်လိုက်တော့ ခြောက်ပေလောက်အမြင့်ဖြစ်နေတယ်။ အကျမတော်ရင်ဒဏ်ရာရနိုင်ပါတယ်။ အဲဒါနဲ့ ဟယ်လီကော်ပတာထဲက ကျနော်တို့မချဖြစ်လိုက်တဲ့ ကြိုးကိုကန်ချပြီး သူကြိုးဆွဲဆင်းလာလိုက်တယ်။ ဒီနေ့ညမှာ Fast-rope ဆင်းလိုက်ရတဲ့ တဦးတည်းသောပုဂ္ဂိုလ် ပေါ့ဗျာ။ ကျနော်တို့ထက်နှာတဖျားသာသွားတာပေါ့... ဟဲဟဲ...

ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်နဲ့ EOD Tech တို့လည်း ဟယ်လီကော်ပတာ အတွင်းထဲနဲ့ အမြီးပိုင်းလက်လှမ်းမှီသလောက်မှာ ဖောက်ခွဲရေးယမ်းတွေ လိုက်ဆင်ကြပါတယ်။ အဲဒီအချိန်မှာ Black Hawk (2) နဲ့ QRF ကိုတင်လာတဲ့ Chinook ကလည်း အနားတ၀ိုက်မှာ ပတ်ပျံနေကြပါတယ်။

Ten minutes…!

Troop Net ကနေ မိုက်ခ် အသံကိုကြားလိုက်ရပါတယ်။ သုံးလွှာမှာလည်း မီးတွေလင်းလာပြီး ကျနော်ကဓါတ်ပုံဆက်ရိုက်၊ ဝေါ့လ်ထ်က DNA Sample တွေယူနေပါတယ်၊ သွေးနဲ့ သွားရည် နမူနာတွေကို နားကြပ်တံလေးတွေနဲ့ ယူပြီးသွားတော့၊ ပါလာတဲ့ ဆေးထိုးအပ်နဲ့ ပြွန်ကိုထုတ်ပြီး သူ့ပေါင်ရိုးကနေ ရိုးတွင်းခြင်ဆီ ယူဖို့လုပ်ပါတယ်။ အဆင်မပြေတော့ ကျနော့်ပစ္စည်းတွေ ထုတ်ပေးလိုက်ပါတယ်။ အဲဒါတွေနဲ့လည်း အဆင်မပြေဘူး။

ကျနော်ကတခြား SEAL တယောက်ရဲ့ ကင်မရာကိုပါယူပြီး ဓါတ်ပုံနောက်တစုံ ထပ်ရိုက်လိုက်ပါတယ်၊ ဝေါ့လ်ထ်ကလည်း DNA Sample နှစ်စုံယူပြီး တစုံကို Chalk Two က SEAL တယောက်ကို ပေးလိုက်ပါတယ်။ တကယ်လို့ "ဂျလာလာဘတ်" ကိုပြန်တဲ့ အပြန်လမ်းမှာ ဟယ်လီကော်ပတာ နှစ်စီးထဲကတစီး ပစ်ချခံရရင် နောက်တစီးမှာ တစုံကျန်နိုင်အောင်လို့ပါ။ ကျနော်တို့အနေနဲ့ အဲဒီဓါတ်ပုံတွေကို သက်သေအထောက်အထားအနေနဲ့ ပါကစ္စတန်အစိုးရနဲ့ တကမ္ဘာလုံးကို ပြဖို့လိုအပ်ပါတယ်။

သေနေတဲ့လူဘယ်သူဆိုတာကို အခန်းထဲလသာဆောင်မှာထိုင်နေတဲ့ကြတဲ့ ကလေးတွေထဲက မိန်းကလေးတယောက် နဲ့ ဒဏ်ရာရမထားတဲ့ ကျန်တဲ့မိန်းမတယောက်ကို မေးကြည့်ပြီး အတည်ပြုလိုက်နိုင်ပါတယ်။ ထိုလူဘယ်သူဆိုသည်အား စာဖတ်သူအနေနှင့် မိမိဘာသာစဉ်းစားကြည့်ပါရန်…

“ Geronimo EKIA…”

--------------------------------------------BY KK

သွေးကြွေး (၁၅)



နှစ်လွှာကနေ သုံးလွှာကိုတက်တော့ လှေကားပေါ်မှာ စန့်စန့်ကြီးဖြစ်နေတဲ့ ခါလစ်ကိုယ်ပေါ်ကို တက်မနင်းမိအောင် သတိထားပြီးတက်ရပါတယ်။ ခါလစ်ဆီကထွက်လာတဲ့ သွေးတွေနဲ့ ကြောင်လိမ်လှေကားကြမ်းပြင်ကလည်း ချော်နေလို့ တလှမ်းချင်းတက်ကြရပါတယ်။ ခါလစ်လဲကျနေတဲ့နားက လှေကားထစ်တွေမှာ ထောင်နေတဲ့ AK-47 တလက်ကိုတွေ့ရပါတယ်။ ခါလစ်ကိုင်ထားတဲ့သေနတ်လို့ ယူဆရပါတယ်။

အင်း… ဒီမောင်ထလာပြီး အဲဒီသေနတ်ကိုဆက်မသုံးနိုင်တော့တာ တော်တော်ကောင်းသွားတယ်… လို့ ကျနော်လည်း စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။ ခါလစ်ကိုပစ်လိုက်တဲ့ Operator သာ ခါလစ်ကိုနာမည်ခေါ်ပြီးမထုတ်ရင် အဲဒီကြောင်လိမ်လှေကား ကျဉ်းကျဉ်းလေးထဲမှာ ကျနော်တို့ခေါင်းတောင် ထောင်နိုင်မှာမဟုတ်ဘူး။

ကျနော်တို့အောက်ကတက်လာတာနဲ့ နှစ်လွှာနဲ့သုံးလွှာကြားက တထောက်နားတဲ့နေရာ၊ အခုသူလဲနေတဲ့နေရာကနေ တခါပစ် လေးငါးချက်လောက်ကို အေးဆေးထိုင်ပစ်နေရုံပဲ။ အောက်ကတက်လာတဲ့ ကျနော်တို့ SEAL တွေတော့ တော်တော့ကို တိုင်ပတ်သွားပါလိမ့်မယ်။ အနေအထားအရ အပေါ်ကခါလစ်ယူထားတဲ့နေရာက အသာစီးရနေတဲ့ အနေအထားဆိုတော့ ကျနော်တို့ထဲက သေကြေဒဏ်ရာရတာမျိုးတွေလည်း ရှိပါလိ့မ်မယ်။

ဒီစစ်ဆင်ရေးမှာ အကြီးအကျယ်တိုက်ရလိမ့်မယ်လို့ မှန်းပြီး ကျနော်တို့ပြင်ဆင်ထားကြပါတယ်။ အသေခံဗုံးခွဲတာတို့ဘာတို့ပေါ့ဗျာ။ ခုထိကတော့ နည်းနည်းပါးပါးခုခံနိုင်တာဆိုလို့ အာမက်တယောက်လောက်ပဲ ရှိသေးတယ်။ ခါလစ်နဲ့ အက်ဘ်ရာ တို့နှစ်ယောက်ကတော့ ဘာမှန်းတောင် မသိလိုက်ဘူးဖြစ်သွားကြပါတယ်

ဒါပေမယ့် ခါလစ်ကတော့ နည်းနည်းပြင်ဆင်ထားပုံရတယ်။ ကျနော်တို့သူ့သေနတ်ကိုစစ်ကြည့်တော့ သေနတ်က မောင်းတင် ကျည်ထိုးပြီးသား၊ တန်းပစ်ရုံပါပဲ။ သူ့အနေနဲ့လည်း ပြင်ဆင်ထားပေမယ့်၊ ကံမကောင်းရှာပါဘူး။ အမေရိကန်စစ်တပ်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေထဲမှာ ထိပ်သီးအထူးတပ်ဖွဲ့ (Special Forces) နှစ်ဖွဲ့ရှိပါတယ်။ တခုက Delta Force လို့ခေါ်တဲ့ 1st SFOD-Delta နဲ့ DEVGRU လို့ခေါ်တဲ့ SEAL Team Six ပါ။ ကံဆိုးချင်တော့ သူတို့အခု ရင်ဆိုင်နေရတာက DEVGRU Operator တွေပါ။ ဆိုလိုချင်တာကတော့ သူတို့အသက်ရှင်ဖို့ဆိုတာ တော်တော့ကိုမလွယ်တာပါ။

ကြောင်လိမ်လှေကားပေါ်မှာက မှောင်နဲ့မည်းမည်းဆိုတော့ သာမန်မျက်စိနဲ့ကြည့်ရင် ဘာမှကိုမမြင်နိုင်ပါဘူး။ NVG တွေထဲကနေကြည့်ရင်တော့ ပတ်ဝန်းကျင်တခုလုံးကို အစိမ်းရောင်မြင်ကွင်းနဲ့မြင်နိုင်ပါတယ်။ ခါလစ်ကိုပစ်လိုက်တဲ့ Operator က အခုတော့ ပွိုင့်နေရာက တက်နေပါပြီ။ ကျနော်တို့ကတော့ သူ့နောက်ကကပ်ပြီး လိုက်တက်ကြပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အားလုံးတလှမ်းချင်းချင်း တက်သွားကြပါတယ်။ အခုအခြေအနေမှာတော့ ပွိုင့်သမားပေါ်ပဲ မူတည်ပါတယ်။ ကျနော်တို့လည်း သူအချက်ပေးတာကိုပဲ စောင့်ကြည့်နေကြရပါတယ်။ တက်လိုက်၊ ခဏရပ်လိုက်ကြ၊ တက်လိုက်၊ ခဏရပ်လိုက်ကြနဲ့ပါ။

ခုချိန်ထိကတော့ အားလုံးအိုကေနေပါတယ်။ ဒီခြံထဲမှာအနည်းဆုံး ယောက်ျားသား လေးယောက်ရှိတယ်ဆိုတာ ထောက်လှမ်းရေးသတင်းအရ ကျနော်တို့သိထားပါတယ်။ အဲဒီတော့ ခုကျန်တဲ့တယောက်က ကျနော်တို့လိုချင်တဲ့ ပစ်မှတ်ပါ။ ဒါပေမယ့် သုံးလွှာမှာရှိနေတဲ့လူက ဘယ်သူဘယ်ဝါဆိုတာထက် ပစ်ခတ်မှုတွေတော့ဖြစ်နိုင်မယ်လို့ ကျနော်ယူဆမိပါတယ်။ ဖြစ်ရင်လည်းပွဲက စက္ကန့်ပိုင်းအတွင်း ပြီးသွားပါလိမ့်မယ်။ နည်းနည်းလေးမှကို အတိမ်းအစောင်းမခံတဲ့ အနေအထားပါ။

ကျနော့်နေရာက ပွိုင့်သမားရဲ့အနောက်ကပ်လျက်ဆိုတော့ ပစ်ကြပြီဆိုတာနဲ့ ကျနော့်အနေနဲ့ ပွိုင့်သမားကို ကူပစ်ပေးရမှာပါ။ အဲလိုနဲ့ အချိန်က ၁၅ မိနစ်လောက်ကုန်သွားပါပြီ။ အပေါ်ထပ်က ပုဂ္ဂိုလ်အနေနဲ့လည်း အသေခံဗုံးခွဲတဲ့ ၀တ်စုံတွေ ဘာတွေဝတ်တာတို့၊ သေနတ်ကိုပြင်ဆင်တာတို့ လုပ်ဖို့အချိန် အလုံအလောက် ရပါတယ်။ ကျနော်လည်း NVG ထဲကနေ အပေါ်ဘက်ကို သေချာလိုက်ကြည့်နေရပါတယ်။ အာရုံငါးပါးလုံးကို အလုပ်ပေးထားရပါတယ်။

ရုတ်တရက်… နားထဲမှာ သေနတ်ကို ကျည်ထိုးလိုက်သလိုလို၊ တယောက်ယောက် ချဉ်းကပ်လာသလိုလို တချက်ကြားလိုက်တယ်...

လောလောဆယ် ကျနော်တို့ရင်ဆိုင်နေရတဲ့ အနေအထားကတော့ ပါကစ္စတန်ကို ရောက်နေတာကလွဲရင် ကျန်တာတွေက SEAL Team Six ထဲဝင်ဖို့အတွက် လေ့ကျင့်ရတဲ့ Green Team မှာတုန်းက အခန်းတွေလိုက်ရှင်းနေရတာနဲ့ တူတူပါပဲ။ အပေါ်ထပ်သုံးလွှာရဲ့ ကြောင်လိမ်လှေကား အဆုံးသတ်တဲ့နေရာက Hallway (လျှောက်လမ်း) အသေးတခုနဲ့ ဆက်နေပါတယ်။ လျှောက်လမ်းရဲ့အဆုံးမှာတော့ လသာဆောင်ထွက်တဲ့ တံခါးပေါက်တခုရှိပါတယ်။

ကြောင်လိမ်လှေကားအဆုံးသတ်သွားတဲ့နေရာနဲ့ မလှမ်းမကမ်း ငါးပေအကွာလောက်မှာတော့ Hallway ရဲ့ ဗယ်ညာမှာ တံခါးပေါက်တခုစီရှိပါတယ်။ ကြောင်လိမ်လှေကားလေးက တော်တော်လေးကျဉ်းပါတယ်။ အထူးသဖြင့် လက်နက်ပစ္စည်းကိရိယာတွေ အပြည့်အစုံနဲ့ တအုပ်ကြီးဆိုတော့ ပွိုင့်သမားကိုကျော်ပြီး ဘာမှကိုမမြင်ရဘူး ဖြစ်နေပါတယ်။ သုံးလွှာကိုရောက်ဖို့ လှေကားထစ်ငါးထစ်လောက် အလိုလဲကျရော…

“ ဒုတ် ဒုတ်…”

Hallway ရဲ့ ညာဘက်ခြမ်းက အခန်းဝမှာ လူတယောက်ထွက်ချောင်းတာကို ပွိုင့်သမားက လှမ်းမြင်လိုက်ပြီး Double Tap (နှစ်ချက်ဆင့်) ပစ်လိုက်ပါတယ်။ ပွိုင့်သမားရောက်နေတဲ့နေရာနဲ့ အဲဒီညာဘက်တံခါးပေါက်နဲ့က ဆယ်ပေလောက်ပဲကွာပါတယ်။ သူ့ကိုယ်လုံးကရှေ့ကကွယ်နေတော့ သူပစ်လိုက်တာ ထိသွားလား၊ မထိဘူးလား ကျနော့်နေရာကနေ ဘာမှကိုမမြင်လိုက်ရဘူး။
ပွိုင့်သမားက လှေကားအဆုံးကို အရင်ရောက်သွားပြီး အဲဒီတံခါးပေါက်နားကိုကပ်သွားပါတယ်။ ရုပ်ရှင်ထဲကလို သေနတ်တွေတဒိုင်းဒိုင်းနဲ့ အခန်းထဲကို ၀ုန်းဒိုင်းကြဲပြီး ချက်ချင်းဝင်သွားတာမျိုး လုပ်လို့မရပါဘူး။ နည်းနည်းလေး အချိန်ယူရပါတယ်။ ပွိုင့်သမားသေနတ်က အခန်းထဲကိုချိန်ထားတဲ့အချိန်မှာ ကျနော်တို့လည်း သာသာလေး ခြေကိုဖော့ပြီး ပွင့်နေတဲ့တံခါးပေါက်နားကို ချဉ်းကပ်သွားကြပါတယ်။ ချက်ချင်းမ၀င်သေးပါဘူး။ တံခါးဝကနေပြီး အခြေအနေကို တချက်စောင့်ကြည့် အကဲခတ်လိုက်ကြပါသေးတယ်။

အထဲမှာရှိတဲ့ခုတင်တလုံးရဲ့ ခြေရင်းမှာလဲ လူတယောက်လဲနေပြီး ဘေးမှာတော့ အမျိုးသမီးနှစ်ယောက်က ငိုနေကြတာကိုတွေ့လိုက်ရပါတယ်။ ဂါဝန်ရှည်တွေဝတ်ထားတဲ့ အမျိုးသမီးတွေက ပွယောင်းယောင်းဖြစ်နေပြီး အခုပဲအိပ်ယာက ထလာကြတဲ့ ပုံတွေပါ။ အာရဗီစကားတွေနဲ့ တတွတ်တွတ်ပြောပြီး တရှုံ့ရှုံ့ ငိုနေကြပါတယ်။ အဲဒီမှာ အဲဒီနှစ်ယောက်ထဲက ခပ်ငယ်ငယ် မိန်းကလေးက အပေါက်ဝရောက်နေတဲ့ ကျနော်တို့ကိုတွေ့သွားပါတယ်။ အဲဒီမှာ အဲဒီမိန်းကလေးက အာရဗီစကားနဲ့အော်ဟစ်ပြီး ပွိုင့်သမားဆီပြေးချလာပါတော့တယ်။

ကျနော်တို့နဲ့ မိန်းကလေးရှိနေတဲ့ နေရာနဲ့က ငါးပေတောင်မကွာလှပါဘူး။ ပွိုင့်သမားလဲ လွယ်ကြိုးနဲ့လွယ်ထားတဲ့ သေနတ်ကို ဘေးကိုလွှဲချ၊ ပြေးဝင်လာတဲ့ အဲဒီမိန်းကလေးကိုဆီးဖမ်းလိုက်ပြီး သူရော၊ ကျန်တဲ့အမျိုးသမီးကြီးကိုပါ အခန်းရဲ့ထောင့်ထဲကို ဆွဲခေါ်သွားပါတယ်။ အခန်းထဲက မိန်းမတယောက်ယောက်သာ အသေခံဗုံးခွဲမယ့်ဝတ်စုံ ၀တ်ထားရင်တော့ အခန်းဝမှာကျန်ခဲ့တဲ့ ကျနော်တို့ SEAL တွေတော့ လွတ်သွားနိုင်ပေမယ့် ပွိုင့်သမားတော့ သေမှာကျိန်းသေပါတယ်။ ကျန်တဲ့လူတွေအတွက် ပွိုင့်သမားက အနစ်နာခံပြီး လုပ်သွားတာပါ။

အမျိုးသမီးတွေ အခန်းထောင့်ရောက်သွားတော့ ကျနော်နဲ့ ကျနော့်နောက်ကပ်ပါလာတဲ့ SEAL တယောက်၊ နှစ်ယောက်တွဲ အခန်းထဲကို လိုက်ဝင်ကြပါတယ်။ ပြီးတော့ ခုတင်ခြေရင်းမှာ လဲနေတဲ့လူကို ကြည့်လိုက်တော့ ပွိုင့်သမားပစ်လိုက်တဲ့ ကျည်တွေကသူ့ခေါင်းရဲ့ ညာဘက်ခြမ်းက ၀င်သွားပြီး သွေးတွေရော၊ ဦးနှောက်တွေပါ ထွက်နေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီလူ မသေသေးပဲ ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲနေပါတယ်။

အဲဒါနဲ့ ကျနော်ရယ်၊ ကျနော်နဲ့ကပ်ဝင်လာတဲ့မောင်ရယ်၊ နှစ်ယောက်လုံး သေနတ်က IR Laser တွေကို မသေသေးပဲ အကြောဆွဲနေတဲ့ပုဂ္ဂိုလ်ရဲ့ ရင်ဘတ်ပေါ်ကို ထိုးချိန်လိုက်ရပါတယ်။

“ ဒုတ် ဒုတ်… ဒုတ် ဒုတ်…”

အခန်းထဲကိုတချက်ဝေ့ကြည့်လိုက်တော့ လသာဆောင်ကိုထွက်တဲ့ ဆွဲတံခါးအနားက အခန်းထောင့်မှာ ကြောက်လန့်ပြီး တယောက်နဲ့တယောက် အတင်းဖက်ထားတဲ့ ကလေး (၃) ယောက်ကို တွေ့လိုက်ရပါတယ်။ ယောက်ျားလေးတွေလား၊ မိန်းကလေးတွေလားတော့ ကျနော်လည်း မသိဘူး။ စိတ်ချရအောင် ကျနော်အခန်းကို ရှင်းတော့ သူတို့လေးတွေ ငြိမ်နေကြပါတယ်။
ပြီးတာနဲ့ ကျနော်တို့ အဲဒီအခန်းထဲမှာ ရှိတဲ့ အခန်းအသေး (၂) ခန်းကို ဆက်ရှင်းရပါတယ်။

ပထမတခန်းရဲ့တံခါးကို ဖွင့်လိုက်တော့ အခန်းက ကျဉ်းကျဉ်းကျုတ်ကျုတ်နဲ့ ရှုပ်ပွနေပါတယ်။ အခန်းထဲက စားပွဲလေးပေါ်မှာလည်း စာရွက်တွေဖရိုဖရဲနဲ့ပါ။ နောက်ကျန်တဲ့တခန်းကတော့ Toilet ပါ။ လုပ်စရာရှိတာတွေအားလုံးက ကျင့်သားရပြီးသားအလုပ်တွေပါ။ ကျနော်တို့စိတ်တွေထဲမှာတော့ လုပ်ပြီးသွားတဲ့ အဆင့်အားလုံးကို မှတ်နေပါတယ်။ ကျနော်တို့နှစ်ယောက် အခန်းလေးနှစ်ခန်းကို ရှင်းနေကြတဲ့အချိန်မှာ ကျန်တဲ့ Operator တွေက Hallway ရဲ့ဗယ်ဘက်ခြမ်းက အခန်းကိုသွားရှင်းနေကြပါတယ်

ကျနော်တို့ဘက်အခြမ်းက အားလုံးပြီးသွားတော့ အခန်းထဲကထွက်ပြီး ဗယ်ဘက်အခြမ်းကအခန်းကို ကူးသွားလိုက်တော့ လမ်းမှာ ဝေါ့လ်ထ် နဲ့တွေ့လိုက်ပါတယ်။

“ ဟိုဘက်မှာ အားလုံးရှင်းပြီးသွားပြီ…” လို့ ဝေါ့လ်ထ်က လှမ်းပြောပါတယ်။

“ အင်း…ဒီဘက်လည်းရှင်းပြီးပြီ…” ဆိုတဲ့အကြောင်း ကျနော်လည်း ပြန်ပြောလိုက်ပါတယ်။

ကျနော်တို့ရှင်းတဲ့ အခန်းထဲက အမျိုးသမီးနှစ်ယောက်နဲ့ ကလေးသုံးယောက်ကို ပွိုင့်သမားက အခန်းပြင်က လသာဆောင်ကို ခေါ်ထုတ်သွားပြီး သူတတ်နိုင်သလောက် နှစ်သိမ့်ပေးနေပါတယ်။ သုံးလွှာရောက်နေတဲ့ SEAL တွေထဲမှာ တော်မ် တယောက်လည်းပါပါတယ်။ အဲဒီအချိန်မှာပဲ…

“ သုံးလွှာ… အားလုံးရှင်းတယ်…” ဆိုတဲ့ ...

တော့်မ်အသံကို Troop Net ကနေကြားလိုက်ရပါတယ်။ (ဆက်ရန်)

သွေးကြွေး (၁၄)


အိမ်ထဲမှာတော့ ချာလီက Backblast (ပေါက်ကွဲမှုသက်ရောက်သည့်ဧရိယာ) ကိုတွက်ချက်ပြီး နောက်တံခါးတချပ်ကို ထပ်ခွဲဖို့ပြင်နေပါတယ်။ ဒီတခါပေါက်ကွဲမှုက အိမ်ရဲ့အတွင်းပိုင်းမှာဆိုတော့ ပေါက်ကွဲအားက တော်တော်လေးကို ပြင်းထန်နိုင်ပြီး အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေ ပျက်စီးသွားမှာပါ။ ချာလီ့အနားမှာ ရှိနေတဲ့ Operator နှစ်ယောက်ထဲက တယောက်က အထဲကအခန်းတခန်းရဲ့ အ၀င်ဝကတံခါးကို အကာအကွယ်ယူပြီး တံခါးနောက်မှာ ရပ်နေပါတယ်။

“ သူငယ်ချင်း အဲဒီတံခါးကရှော့ရှိတယ်…”

အဲဒီ Operator ကို ချာလီကလှမ်းပြောလိုက်ပါတယ်။ အဲဒါနဲ့ အဲဒီမောင်လည်း တံခါးနောက်ကနေ ထွက်သွားပါတယ်။

“ အုန်း…”

“ ဒုန်း…”

တံခါးကိုခွဲလို့ထွက်လာတဲ့ အသံကပဲ့တင်ပြီး ကြက်ခြံနားမှာရပ်နေတဲ့ ကျနော်တောင်အကျယ်ကြီး ကြားလိုက်ရပါတယ်။ ပေါက်ကွဲမှုကဖြစ်လာတဲ့ဖိအားက ပြင်းထန်လွန်းတော့ ခုနက Operator အကာအကွယ်ယူပြီး ရပ်နေတဲ့တံခါးက ပတ္တာတွေပြုတ်ထွက်ပြီး နံရံကိုဒုန်းကနဲ သွားဆောင့်ပါတယ်။ အဲဒီတယောက်လည်း ကြက်သေသေသွားပါတယ်။ သူသာနေရာမရွှေ့ရင် သူရပ်နေတဲ့နေရာနဲ့ ပတ္တာပြုတ်ပြီး တံခါးလွင့်ထွက်လာတဲ့ လမ်းကြောင်းနဲ့က ကွက်တိပဲဆိုတော့ သူ့အနေနဲ့ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပါတယ်။ အဲဒီ Operator က ချာလီ့ကို ကျေးဇူးတင်စကားဆိုပါတယ်။

သူတို့နှစ်ယောက်လည်း အေးချမ်းမေ ဖြစ်နေတဲ့တံခါးကို တွန်းတိုက်ပြီး အိမ်ထဲကိုဆက်ဝင်ကြပါတယ်။ တံခါးပွင့်သွားတော့ နောက်မှာတန်းစီနေတဲ့ DEVGRU Operator တွေအားလုံး တယောက်နဲ့တယောက် ကပ်လျက်ဝင်လိုက်လာပြီး အပေါ်ထပ်တွေကို တက်ရှင်းကြပါတယ်။ ကျနော့်အလှည့်ရောက်လာတော့ ခပ်သွက်သွက်လေးဝင်လိုက်ပြီး လှေကားပေါ်ကိုတက်လိုက်ပါတယ်။

ကျနော့်အရှေ့က၀င်သွားတဲ့ Operator တွေက အများစုပါ။ နှစ်လွှာနဲ့သုံးလွှာကို ဆက်ထားတဲ့ လှေကားက ကြောင်လိမ်လိုဆောက်ထားပြီး တထပ်နဲ့တထပ် ကြားထဲမှာ ခဏနားလို့ရတဲ့ တထောက်နားလို့ရတဲ့ နေရာကွက်လပ်လေးရှိပါတယ်။ ခုအချိန်ကျတော့ အထဲကရှိနေတဲ့သူတွေအတွက် ပြန်ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်ချိန် အလုံအလောက်ရသွားပါပြီ။ အထဲမှာ ဘယ်လိုအနေအထားနဲ့ ခုခံဖို့စောင့်နေတယ်ဆိုတာ ကျနော်တို့လည်း ဘယ်လိုမှမသိနိုင်ပါဘူး။ အပေါ်တက်ဖို့ကလည်း အဲဒီကြောင်လိမ်လှေကားကတက်တဲ့ တလမ်းပဲရှိပါတယ်။

လှေကားရဲ့အနေအထားအရ အောက်ကတက်ရမယ့် ကျနော်တို့အတွက် အခွင့်မသာပါဘူး။ Operator တွေအားလုံးလည်း သတိဝီိရိယအပြည့်နဲ့ လုပ်သင့်တာဆက်လုပ် နေကြရပါတယ်။ ပွားတာတို့၊ အော်လိုက်တာတို့၊ ပြေးတာတို့ ဘယ်သူမှမလုပ်ကြပါဘူး။ အားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ လှုပ်ရှားနေကြပါတယ်။ ကျနော်တို့အားလုံးက NVG တွေကိုယ်စီတပ်ထားကြတော့ အမှောင်ထဲမှာမြင်နိုင်တဲ့အချက်က ကျနော်တို့ကိုအသာစီးရနေစေပါတယ်။ အလောတကြီးနဲ့ အသေခံပြီး ၀ုန်းဒိုင်းကြဲစရာမလိုပါဘူး။ အခြေအနေကို အကဲခတ်ပြီး ပါးပါးနပ်နပ်လှုပ်ရှားဖို့ပဲ လိုပါတယ်။

အဲလိုနဲ့ကျနော်လည်း ကြောင်လိမ်လှေကားရဲ့ မြေညီထပ်နဲ့အပေါ်ထပ်နှစ်လွှာကြားက နေရာလပ်ကို ရောက်လာပါတယ်။ Operator အများစုကတော့ ဖြန့်ပြီး ခွဲထွက်သွားကြပါပြီ။ နှစ်လွှာမှာကျတော့ အိမ်ကြီးရဲ့ တောင်ဘက်အခြမ်းမှာရှိတဲ့ လေသာဆောင်ဘက်သွားတဲ့ Hallway (လျှောက်လမ်း) အရှည်ကြီးရှိပါတယ်။ စုစုပေါင်းတံခါး (၄) ပေါက်ရှိပြီး နှစ်ပေါက်က ကျနော်ရောက်နေတဲ့ ကြောင်လိမ်လှေကားက တထောက်နားတဲ့နေရာနားမှာ ရှိနေပါတယ်။ ကျန်တဲ့နှစ်ပေါက်ကတော့ လေသာဆောင်နဲ့ပိုနီးပြီး ခပ်လှမ်းလှမ်းမှာပါ။ Hallway ထဲမှာလည်း DEVGRU Operator တွေက ခပ်ဆိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး သွားနေကြတာကို ကျနော်တွေ့နေရပါတယ်။ တံခါးပေါက်တွေရှေ့မှာ စောင့်နေကြပြီး တံခါးဖွင့်ပြီးတာနဲ့ အခန်းထဲကိုဝင်ကြပြီး ရှင်းလင်းမှုတွေကို အသံတိတ်နဲ့ လုပ်နေကြပါတယ်။

အဲဒီမှာ လုံခြုံရေးအတွက် အပေါ်ဘက်ကိုစောင့်ကြည့်နေတဲ့ SEAL တယောက်က နှစ်လွှာနဲ့သုံးလွှာကြားက တထောက်နားတဲ့နေရာလေးတ၀ိုက်မှာ ခေါင်းတလုံးပြူထွက်လာကို တချက်လှမ်းတွေ့လိုက်ပါတယ်။ အိမ်ထဲမှာ ယောက်ျားသား (၄) ယောက်ရှိနိုင်တယ်လို့ ထောက်လှမ်းရေးသတင်းတွေအရ ကျနော်တို့သိထားပါတယ်။ ကျနော်တို့လိုချင်တဲ့ ပစ်မှတ်ကသုံးလွှာမှာရှိနေပါတယ်။ သူ့ရဲ့သား “ ခါလစ် ” ဆိုတဲ့ တယောက်ကတော့ နှစ်လွှာမှာရှိနေနိုင်ပါတယ်။

ခြံဝင်းထဲမှာနေကြတဲ့သူတွေအားလုံး ဟယ်လီကော်ပတာသံတွေ၊ အုန်းဒိုင်းဆိုပြီး တံခါးတွေကို ဖေါက်ခွဲတဲ့အသံတွေ၊ AK သံတွေကို အတိုင်းသားကြားနေကြပါတယ်။ ဒါပေမယ့် အခု ခြံထဲမှာ အသံတွေက ပြန်ပြီးတိတ်ဆိတ်နေပါတယ်။ အလွန်ကြားနိုင်ရင် ခြေသံတွေလောက်ပါပဲ။ ဖြစ်ချင်တော့ အဲဒီပြူထွက်လာတဲ့ ခေါင်းပိုင်ရှင်က နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ရိတ်ထားတာကို သူ့ကိုမြင်လိုက်တဲ့ Operator က သတိထားမိလိုက်ပါတယ်။ အဲဒီတော့ အဲဒါ ခါလစ် ဖြစ်လိမ့်မယ်ဆိုတာ သူကချက်ချင်းရိပ်မိပါတယ်။

“ ခါလစ်… ခါလစ်…”

အဲဒါနဲ့ အဲဒီမောင်က ခါလစ်ကို ခပ်အုပ်အုပ် လှမ်းခေါ်လိုက်ပါတယ်။ အမှောင်ထဲမှာ အပေါ်ကနေ မှုန်ဝါးဝါးနဲ့ ချောင်းကြည့်နေတဲ့ ခါလစ်လည်း စဉ်းစားမှာပေါ့ဗျာ။ အောက်ကခေါ်နေတဲ့လူက သူ့နာမည်သိနေတော့ ဘယ်သူများလည်းလို့ သိချင်လာမှာပေါ့။
အဲဒါနဲ့ ခါလစ်လည်း အောက်ကခေါ်နေတာ ဘယ်သူလဲလို့ ငုံ့လည်းအကြည့်…

“ ဒုတ်…”

ကျည်ဆံက မျက်နှာကို သွားထိတော့ နောက်ပြန်သွားဆောင့်မိပြီး လှေကားအောက်ကို လိမ့်ဆင်းလာပါတယ်။ နှစ်လွှာနဲ့သုံးလွှာကြားက နေရာလေးရောက်တော့ သွေးအိုင်ထဲ ခွေခွေလေး အသက်ပျောက်သွားပါတယ်။

အသံတွေကြားလို့ တချက်လှည့်ကြည့်လိုက်တော့ အောက်ကနေ SEAL တွေထပ်တက်လာပြီး ကျနော့်အနောက်မှာ နေရာယူနေကြတာကို တွေ့လိုက်ရပါတယ်။ နှစ်လွှာရဲ့ Hallway ထဲမှာလည်း SEAL တွေနဲ့ ပြည့်နေပါပြီ။ အခု သုံးလွှာကိုဆက်တက်ဖို့ပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ကျနော်လည်း ကျနော့်ရှေက ပွိုင့်သမားရဲ့ ပခုံးကိုလှမ်းဆုပ်လိုက်ပြီး အားလုံးအသင့်ဖြစ်နေကြပြီလို့ လှမ်းအချက်ပေးလိုက်ပါတယ်။


 (ဆက်ရန်)

သွေးကြွေး (၁၃)

အနောက်ကကျားလိုက်သလို ဒရောသောပါးလုပ်နေရတာတွေက အခုတော့အရှိန်လျော့လာပါပြီ။ လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်တုန်းက ဟယ်လီကော်ပတာပျက်ကျခဲ့ပေမယ့် ခုနောက်ပိုင်းတော့ အခြေအနေတွေ အားလုံးက ကိုယ့်ဘက်ကိုပါလာပါတယ်။ ကျနော်တို့အားလုံးလည်း နှစ်လွှာကို ခပ်မြန်မြန်ဝင်ရှင်းချင်နေကြပါပြီ။ ဖြစ်ချင်တော့ နှစ်လွှာမှာ နောက်ထပ်သံတံခါးတချပ်နဲ့ ထပ်ပိတ်ထားသေးတယ်လို့ အရင်ဝင်သွားနှင့်တဲ့ ချာလီက Troop Net ကနေ လှမ်းပြောပါတယ်။ အဲဒါနဲ့ သူလည်း သုံးလုံးမြောက် ဖောက်ခွဲရေးပစ္စည်းကို အဲဒီတံခါးမှာကပ်ဖို့ လုပ်နေရပါတယ်။

ချာလီက တံခါးကိုခွဲဖို့လုပ်နေတဲ့အချိန်မှာ ကျနော်တို့ကတော့ ပတ်ဝန်းကျင်ကို စောင့်ကြည့်အကဲခတ်ရုံကလွဲပြီး တခြားဘာမှမလုပ်နိုင်ကြသေးပါဘူး။ စောင့်နေရင်း အခုစစ်ဆင်ရေးက အိပ်မက်ဆန်ဆန် ဖြစ်နေတာကို တွေးမိပါတယ်။ စိတ်ထဲမှာတော့ DEVGRU ကို ၀င်ဖို့အတွက် ဖြတ်သန်းရတဲ့ Green Team မှာတုန်းက CQB (အနီးကပ်တိုက်ခိုက်မှု) စဖို့ စောင့်နေရတုန်းကလိုမျိုး ခံစားနေရပါတယ်။
ခြံထဲမှာ ဗြောင်းဆန်နေလို့ ဟိုပြေးဒီပြေးဖြစ်နေတဲ့ ကြက်တွေရဲ့အသံကိုကြားလိုက်တော့မှ ကျနော် အသိပြန်ဝင်လာပါတယ်။

မြောက်ဘက်တံခါးကို ကျနော်တို့လာကြတုန်းက လမ်းမှာကြက်ခြံတွေရှိတဲ့ နေရာကို ဖြတ်လာခဲ့ကြပါတယ်။ အဲဒီမှာဖြစ်ချင်တော့ ကျနော်တို့ကိုယ်ပေါ်က ကျည်ကာအင်္ကျီတွေနဲ့ လက်နက်ပစ္စည်းကိရိယာတွေက ကြက်ခြံတွေကိုသွားတိုက်မိတော့ ကြက်တွေ နည်းနည်းလန့်သွားတယ် ထင်ပါရဲ့။ တနေရာတည်းမှာ ကြောင်တောင်တောင်နဲ့ ရပ်စောင့်နေရကြတော့ လူကပေါက်လာတယ်ဗျာ။ ကျနော့်ရှေ့ကမောင်တွေ ပွားနေကြတာကိုလည်း နားကကြားနေရတယ်...

“ ခုနကဟယ်လီကော်ပတာပျက်ကျတယ်ဆိုတာ ကျနော်ဖြင့်ယုံတောင်မယုံနိုင်ဘူးဗျာ…”

ဆိုတဲ့ ဝေါ့လ်ထ် အသံကို ကျနော်ကြားလိုက်တယ်။

“ ဟမ်… ဟယ်လီကော်ပတာပျက်ကျတယ် ဟုတ်လား…”

“ နေစမ်းပါဦး… ဘယ်ဟာကိုပြောတာလဲ…”

လို့ နောက်မှရောက်လာပြီး ၀င်တန်းစီနေတဲ့ Chalk Two အဖွဲ့က မောင်တယောက်က ကြောင်တောင်တောင်နဲ့ ပြန်မေ့းပါလေရော။

“ ကျနော်တို့ Chalk One ပါလာတဲ့ ဟယ်လီကော်ပတာပျက်ကျတာလေ…”

လို့ ဝေါ့လ်ထ်က ပြန်ဖြေသံကြားပါတယ်။

အဲဒီနားမှာ ရပ်နေတဲ့အုပ်စုထဲမှာ အခုစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျေး (Jay) လည်းပါပါတယ်။ သူက Chalk Two အဖွဲ့နဲ့တူတူပါလာတာပါ။ အဲဒီမှာ ဂျေးက နားစွန်နားဖျားကြားသွားတော့ ၀င်မေးပါတယ်။

“ ဝေါ့လ်ထ်… ဘာဖြစ်တာတုန်း…”

“ ကျနော်တို့ ဟယ်လီကော်ပတာပျက်ကျတယ်လေ… အနောက်ဘက်မှာ... ကြည့်ချင်ရင်သွားကြည့်လိုက်ဦး…”

ဆိုပြီး ဝေါ့လ်ကလည်း ဟယ်လီကော်ပတာပျက်ကျတဲ့ အနောက်ဘက်ခြမ်းကို မေးငေါ့ပြပါတယ်။ အဲဒါကိုကြားလိုက်တဲ့ ဂျေး… အူကြောင်ကြောင်နဲ့ ပါးစပ်ကြီးဟသွားတဲ့ပုံကို NVG ထဲကနေကြည့်ပြီး ကျနော်လည်း ခွီးကနဲ မရယ်မိအောင် အတော်လေး အောင့်ထားလိုက်ရတယ်။ အဲဒါနဲ့ ဂျေးလည်း ချက်ချင်းပဲ၊ တန်းစီနေတဲ့ အုပ်စုထဲကနေ ခုန်ထွက်ပြီး ခြံနောက်ဘက်ကို ဒုန်းစိုင်းပြေးသွားပါလေရော

ကြည့်ရတာတော့ Black Hawk (1) ပျက်ကျတာကို Chalk Two ကမောင်တွေတယောက်မှ သိကြပုံမရဘူး။ ဖြစ်ချင်တော့ ခြံထဲဝင်ဖို့ပဲ အာရုံရောက်နေကြတော့ Chalk One က ဘယ်သူကမှလည်း ဟယ်လီကော်ပတာ ပျက်ကျတာကို Troop Net မှာမပြောကြဘူး။ Black Hawk (2) ပိုင်းလော့တွေကလည်း ခြံထဲကို Black Hawk (1) ပျက်ကျသွားတာ တွေ့တာနဲ့ အုတ်တံတိုင်းကျော်ပြီး ခြံပြင်မှာ Chalk Two ကို ချပေးလိုက်ကြပေမယ့် သူတို့အာရုံနဲ့သူတို့ Black Hawk (1) ပျက်ကျတာကို Troop Net မှာမပြောဖြစ်ကြဘူး။

ကျနော်တို့ ပိုင်းလော့ တက်ဒီ နဲ့ သူ့လူတွေကလည်း Black Hawk (1) ရဲ့အင်ဂျင်တွေကို စက်ပိတ်လိုက်ပြီး အထဲက စက်ပစ္စည်းတွေ အားလုံးကို ရသလောက် အကုန်ဖျက်ဆီးနေပါတယ်။ ဟယ်လီကော်ပတာမှာ သိသိသာသာ အပျက်အစီးမတွေ့ရတာနဲ့ ပထမတော့ လူမတင်ပဲ ပြန်မောင်းကြည့်မယ်လို့ သူဆုံးဖြတ်လိုက်သေးတယ်။ နောက်မှ လမ်းမှာမတော်တဆ တခုခုဖြစ်ရင် နောက်ဆက်တွဲပြဿ နာပိုကြီးမှာကို တွက်မိလို့ထင်ပါရဲ့၊ ဖျက်ဆီးလိုက်တော့မယ်လို့ပဲ တက်ဒီကစိတ်ဒုန်းဒုန်းချလိုက်ပါတယ်။

ကျနော်တို့ တန်းစီနေကြတဲ့နေရာက ထွက်သွားတဲ့ ဂျေး လည်း ဟယ်လီကော်ပတာ အပျက်နားကို ရောက်သွားတော့ အနေအထားကိုကြည့်ပြီး အင်အားထပ်ဖြည့်ဖို့ လိုတယ်လို့ ယူဆလိုက်ပုံရပါတယ်။ ခြံဝင်းနဲ့သိပ်မဝေးတဲ့တနေရာမှာ မြေပြင်ပေါ်ဆင်းပြီး ကျောက်ချနေတဲ့၊ DEVGRU Operator (၂၄) ယောက် ပါတဲ့ MH-47 နှစ်စီးနဲ့ QRF (အမြန်တုံ့ပြန်ရေးတပ်) ကို ဂျေး ကလှမ်းခေါ်လိုက်ပါတယ်။ အဲဒါနဲ့ QRF ကလည်း ချက်ချင်းထွက်လာပါတယ်။ အမြန်ဆုံးရောက်အောင်ဆိုပြီး QRF က ပါကစ္စတန် စစ်တက္ကသိုလ် ပေါ်ကနေ ဖြတ်ပျံချလာပါလေရော။

Black Hawk (1) က ပျက်ကျသွားပေမယ့် Chalk One က တယောက်မှ ဒဏ်ရာရတာမျိုး မဖြစ်လိုက်ဘူး။ အသေအပျောက်လည်း လုံးဝမရှိဘူး။ အခုတော့ အိမ်ကြီးကိုဝင်စီးဖို့ နှစ်ဖွဲ့လုံးရဲ့ DEVGRU Operator အားလုံး လူစုံတက်စုံနဲ့ စုမိနေကြပါပြီ။ အဲဒါနဲ့ QRF က 47 နှစ်စီးနဲ့ လာနေတုန်းမှာပဲ၊ လက်ရှိရောက်နေတဲ့နေရာမှာ ခဏဆင်းစောင့်နေဖို့ ဂျေး က အချိန်မှီလှမ်းပြောလိုက်ပါတယ်။

" QRF...Hold your position..."

(ဆက်ရန်) by KK

သွေးကြွေး (၁၂)


 Black Hawk (1) ပျက်ကျတာ ဆယ်မိနစ်စွန်းသွားပါပြီ။ ၀ီလ်နဲ့ကျနော်လည်း ပင်မခြံနဲ့ ဧည့်ဆောင်ကြားက ပွင့်နေတဲ့ ဂိတ်တံခါးကနေ A1 (ပစ်မှတ်နေတဲ့အိမ်ကြီး) ဆီကိုအမြန်ပြေးကြပါတယ်။
“ A1 ရဲ့မြောက်ဘက်တံခါးမှာ Breaching Charge ဆင်ပြီးပြီ…” လို့ Troop Net ကနေ ချာလီ့အသံကို ကြားလိုက်ရပါတယ်။ ချာလီက တံခါးကိုခွဲဖို့ တော်မ်ကလှမ်းအပြော ကိုစောင့်တာပါ။ တော်မ် နဲ့အဆက်အသွယ်ရတာနဲ့ အဲဒီတံခါးကို ချာလီနဲ့ဝေါ့လ်ထ်တို့ ဖောက်ခွဲလို့ရပါပြီ။ ခုချိန်ထိတော့ CIA အရာရှိတယောက်ဖြစ်တဲ့ ဂျဲန် (Jen) နဲ့ သူ့အဖွဲ့သားတွေပြောကြတာတွေက မှန်နေတုန်းပဲ။ သူတို့ကဒီအိမ်ကြီးကိုနှစ်အိမ်တွဲ (Duplex) ပုံစံနဲ့ ဆောက်ထားပြီး ကျနော်တို့လိုချင်တဲ့ ပစ်မှတ်ရဲ့မိသားစုက ဒုတိယထပ်နဲ့တတိယထပ်မှာနေတယ်။ အဲဒီအထပ်တွေအတွက်က သီးသန့်ဝင်ပေါက် ရှိပါတယ်။ Pacer (စင်္ကြန်လျှောက်တဲ့ပုဂ္ဂိုလ်) က အမြဲတမ်းမြောက်ဘက်ခြမ်းတံခါးက ထွက်လာပေမယ့် အယ်လ်ကူဝိတ်တီးတို့ ညီအကိုက တောင်ဘက်တံခါးကိုပဲ သုံးကြတယ်။ အဲဒီ Pacerက ကျနော်တို့လိုချင်တဲ့ပစ်မှတ် ဖြစ်လိမ့်မယ်လို့ ဂျဲန်တို့ ကယူဆထားကြတယ်။
ကျနော်တို့အနေနဲ့ တောင်ဘက်တံခါးပေါက်နဲ့မြောက်ဘက်တံခါးပေါက်ကြားထဲမှာ အပေါက်နှစ်ခုကို ဆက်ထားတဲ့ စင်္ကြန်တခု ရှိရဲ့လား၊ မရှိဘူးလားဆိုတာကမသေချာတော့ တံခါးပေါက်နှစ်ခုလုံးကို တခါတည်းမခွဲပစ်ချင်သေးဘူး။ အဲတော့ အစီအစဉ်က တော်မ်နဲ့ သူ့အဖွဲ့က အိမ်ကြီးရဲ့တောင်ဘက်ခြမ်းကို အရင်ရှင်းမယ်။ အဲလိုရှင်းနေတဲ့အချိန်မှာ မြောက်ဘက်ခြမ်းကတံခါးကိုခွဲဖို့ တော်မ်က Troop Net ကနေ လှမ်းအချက်ပေးလိုက်တာနဲ့ အဆင်သင့်စောင့်နေတဲ့ချာလီက မြောက်ဘက်တံခါးကိုခွဲမယ်။
တော်မ်တို့ (၃) ယောက်အဖွဲ့ကမြေညီထပ်ကို ၀င်ပြီးရှင်းလင်းနေရပါတယ်။ အိမ်ထဲမှာကတော့ မှောင်မှောင်မည်းမည်းနဲ့ပါ။ ဒါပေမယ့်လည်း Operator အားလုံးမှာ NVG တွေနဲ့ဆိုတော့ အိမ်ထဲက Hallway (လျှောက်လမ်း) ရဲ့ ဗယ်ညာမှာ အခန်းနှစ်ခန်းစီ၊ စုစုပေါင်း (၄) ခန်းရှိနေတာ တွေ့နေရပါတယ်။ တော်မ်တို့အဖွဲ့ အိမ်ထဲကိုစ၀င်ရရုံလေးရှိသေးတယ်၊ ဗယ်ဘက်ခြမ်းရဲ့ ပထမဆုံးအခန်းကနေ ခေါင်းတလုံး ထွက်လာတာကို ရှေ့ဆုံးကပွိုင့်သမားက လှမ်းမြင်လိုက်ပါတယ်။
“ ဒုတ်...”
ပွိုင့်သမားက အဲဒီထွက်လာတဲ့လူကို တချက်လှမ်းပစ်လိုက်ပါတယ်။ အဲဒီလူက အာမက်နဲ့ညီအကိုတော်တဲ့ အက်ဘ်ရာအယ်လ်ကူဝိတ်တီး (Abrar al-Kuwaiti) ပါ။ ဧည့်ဆောင်ထဲကနေ ကျနော်တို့ကို အာမက်လှမ်းပစ်တုန်းက AK-47 အသံတွေကို တော်မ်တို့အဖွဲ့က ကြားထားတော့ သူတို့လည်း သိပ်စဉ်းစားနေလို့မရတော့ပါဘူး။ A1 (ပင်မခြံရဲ့အိမ်ကြီး) ထဲက လူတွေအတွက်လည်း အသင့်ပြင်ဖို့ အချိန်တော်တော်လေးရနိုင်ပါတယ်။
ပွိုင့်သမား ပစ်လိုက်တဲ့ ကျည်ထိပြီး အဲဒီလူအခန်းထဲပြန်ဝင်သွားပါတယ်။ အဲဒါနဲ့ တော်မ်တို့ (၃) ယောက်လည်း Hallway အတိုင်း ဖြည်းဖြည်းချင်းဝင်လာပြီး သူဝင်သွားတဲ့အခန်းရှေ့မှာရပ်လိုက်ကြပါတယ်။ အခန်းထဲကို လှမ်းကြည့်လိုက်တော့ အက်ဘ်ရာအယ်လ်ကူဝိတ်တီး က ဒဏ်ရာရသွားပြီး ကြမ်းပေါ်မှာလဲနေတာကို သူတို့တွေ့လိုက်ရပါတယ်။
“ ဒုတ် ဒုတ်…”
ဖြစ်ချင်တော့ဗျာ… တော်မ်တို့က သေချာအောင် အက်ဘ်ရာအယ်လ်ကူဝိတ်တီးကို ထပ်ပစ်နေကြတဲ့အချိန်မှာပဲ သူ့မိန်းမကဗြုန်းဆိုဝင်လှဲချပြီး သူ့ယောက်ျားကို သူ့ကိုယ်လုံးနဲ့ဝင်ကာပါတယ်။
“ ဒုတ် ဒုတ်…”
အဲဒီမှာကျည်ဆံတချို့က သူ့မိန်းမကိုသွားထိပါတယ်။ ဖြစ်သွားတာက အရမ်းမြန်လွန်းတော့ သူတို့လည်း ဘာမှကိုမတတ်နိုင်ကြပါဘူး။ လင်မယားနှစ်ယောက်လုံး တယောက်ပေါ်တယောက်ထပ်ပြီး အသက်ပျောက်သွားကြတယ်။ ကိုရီးယားကားမရိုက်ပါဘူးဆိုမှ ဇာတ်ကနာဖြစ်အောင်နာသေးတယ်။
အခန်းရဲ့အတွင်းဘက်ထောင့်မှာတော့ ကြောက်လန့်ပြီး တယောက်နဲ့တယောက် အတင်းဖက်ငိုနေကြတဲ့ အမျိုးသမီးတယောက်နဲ့ ကလေးတသိုက်ကိုသွားတွေ့လိုက်ပါတယ်။ အခန်းထဲမှာ AK-47 တလက်တွေ့တာနဲ့ တော်မ်ကကောက်ကိုင်ပြီး ကျည်ကပ်ဖြုတ်လိုက်ပါတယ်။ ကျန်တဲ့ SEAL နှစ်ယောက်က ကျန်နေသေးတဲ့ အခန်း (၃) ခန်း ကိုဆက်ရှင်းကြပါတယ်။ Hallway အဆုံးမှာရှိတဲ့တံခါးတချပ်ကို သော့ခတ်ထားတယ်။ အဲဒါတံခါးက မြောက်ဘက်ခြမ်းကခွဲရမယ့်တံခါးနဲ့ တည့်တည့်ပဲ။ A1 (ပင်မခြံတွင်းရှိအိမ်ကြီး) ရဲ့ တောင်ဘက်ခြမ်းက ရှင်းပြီးသွားတာနဲ့ တော်မ်တို့သုံးယောက်သား အိမ်ထဲက ခပ်မြန်မြန်ထွက်ကြပါတယ်။
များသောအားဖြင့်ကတော့ မိန်းမတွေနဲ့ကလေးတွေရှိနေရင် ကျနော်တို့ထဲကတယောက်တော့ စောင့်ကြည့်ပေးကြပါတယ်။ အခုကျ ရှိတဲ့လူအင်အားက နည်းနေတော့ အစောင့်ထားခဲ့လို့က တော်မ်တို့အတွက် အဆင်မပြေဘူးဖြစ်နေတယ်။ အဲဒီတော့ အခန်းထဲကမိန်းမနဲ့ကလေးတသိုက်ကို ဒီတိုင်းပဲထားခဲ့လိုက်ကြတယ်။
ချာလီရေ… ခွဲလိုက်တော့… လို့ တော်မ်က Troop Net ကနေလှမ်းပြောလိုက်ပါတယ်။ တောင်ဘက်တံခါးက ထွက်လာကြတော့ တယောက်က ဟိုအခန်းထဲကယူလာတဲ့ ကျည်ကပ်ဖြုတ်ပြီးသား AK-47 ကို ခြံဝင်းထဲကို လှမ်းဝဲလိုက်ပါတယ်။ ညဘက်မှောင်မှောင်မဲမဲကြီးထဲ ကျည်ကပ်မပါတဲ့ အဲဒီ AK ကိုသွားကောက်ဖို့ သိပ်တော့မလွယ်ပါဘူး။
မြောက်ဘက်တံခါးကိုခွဲဖို့ ချာလီ့ကို တော်မ်ကလှမ်းပြောအပြီး စက္ကန့်ပိုင်းမှာပဲ…
“ အုန်း ”
ချာလီက မြောက်ဘက်တံခါးကို ခွဲထည့်လိုက်ပါတယ်။ ၀ီလ် နဲ့ ကျနော်နဲ့လည်း A1 ရဲ့ အနောက်ဖက်ကနေ ပတ်ပြီး မြောက်ဖက်တံခါးကနေ၀င်ဖို့ တန်းစီနေတဲ့ SEAL တွေနောက်မှာ ၀င်စီလိုက်ပါတယ်။ တံခါးကတော့ ချာလီခွဲလိုက်လို့ပွင့်သွားပါပြီ။
Chalk Two က SEAL တွေလည်း ပင်မခြံထဲကို ရောက်နေကြပါပြီ။
သူတို့ဝင်ဖို့ခွဲလိုက်တဲ့တံခါးက အတွင်းဘက်ကနေ အုတ်စီပြီးအသေပိတ်ထားလို့ မိုက်ခ်က Delta Gate တံခါးကိုသွားဖွင့်ပေးလိုက်ပြီး အဲဒီကနေ၀င်လာကြတာပါ။ ဒီမောင်တွေလည်း ပွဲမစသေးခင်လေး အမှီရောက်လာကြပြီး တန်းဝင်စီနေကြပါတယ်။
တံခါးပွင့်ထွက်သွားတော့ ချာလီကအထဲရောက်သွားပါပြီး ကျန်တဲ့ SEAL တွေကတော့ အထဲဝင်ဖို့ အဆင်ပြေသလိုလေး တန်းစီစောင့်နေကြပါတယ်။ လူတွေကအဆင်ပြေသလို တန်းစီစောင့်နေကြပေမယ့် အိမ်ပေါ်က ၀ရန်တာတွေနဲ့ ပြတင်းပေါက်တွေပေါ်မှာ လေဆာတန်းတွေ အများကြီးဝဲနေကြပါတယ်။
အဲဒီနေရာတွေကနေ ခေါင်းတလုံးလောက် ပြူထွက်လာရင်တော့ ဘာဆက်ဖြစ်မလဲ တွေးသာကြည့်ပေတော့… ကျနော်လည်း နှစ်လွှာနဲ့သုံးလွှာကို လေဆာနဲ့ထိုးပြီး စောင့်ကြည့်နေပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဘာမှတော့ လှုပ်ရှားမှုမရှိဘူး။ ပြတင်းပေါက်တွေမှာလည်း အတွင်းပိုင်းကနေ ဆေးတွေသုတ်ထားတော့ အထဲကိုဘာမှမမြင်ရဘူးဖြစ်နေတယ်…
--------------------------------------
(ဆက်ရန်)

သွေးကြွေး (၁၁)


 ခုထိဖွင့်လို့မရသေးတဲ့ သံတံခါးရှေ့မှာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပါတယ်။ Breaching Charge ရဲ့အနောက်က ကော်သုတ်ထားတဲ့ နေရာပေါ်မှာ ကပ်ထားတဲ့ ပလတ်စတစ်ပြားကို ကျနော်ခွာလိုက်တယ်။ ပြီးတာနဲ့ Breaching Charge ကို တံခါးလက်ကိုင်နဲ့ သော့အိမ်နေရာရဲ့ ဘေးတဖက်မှာ ကပ်လိုက်တယ်။ Breaching Charge ကို တံခါးမှာကပ်ရင် ကျနော်အမြဲတမ်း ဒူးထောက်ကပ်ပါတယ်။ အကြောင်းကတော့ အိမ်ထဲကနေတံခါးကိုပစ်တာ အီရတ်မှာတုန်းက ခဏခဏကြုံရဖူးလို့ပါ။ တံခါးမှာ လူကပ်နေတာကိုသိတဲ့ အိမ်ထဲမှာရှိတဲ့ အကြမ်းဖက်သမားတွေက အပြင်ကလူ မတ်တတ်ရပ်နေမယ်လို့တွက်ပြီး တံခါးရဲ့အလယ်လောက်ကို အပိုင်ပစ်ကြတာပါ။
အဲဒီမှာ ကျနော်တို့အဖွဲ့က နောက်တယောက်ထပ်ရောက်လာတယ်။ သူက ဟယ်လီကော်ပတာထဲက နောက်ဆုံးမှထွက်လာတဲ့ အုပ်စုထဲက တယောက်ပါ။ သူ့တာဝန်က ကျနော်တို့ဖွင့်နေတဲ့တံခါးနဲ့တည့်တည့်လောက်မှာရှိတဲ့ ဧည့်ဆောင်ရဲ့အမိုးပေါ်ကို တက်တဲ့လှေကားကို ရှင်းရမှာပါ။

“ ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း…”
သူလည်းလှေကားပေါ်ကိုစတက်ရော တံခါးရဲ့အပေါ်ဘက်က ပြတင်းပေါက်လေးရဲ့မှန်ကိုဖေါက်ပြီး ကျည်ဆန်တွေ ဝေါကနဲ ထွက်လာပါတော့တယ်။ ကံကောင်းချင်တော့ လှေကားပေါ် တက်နေတဲ့မောင်နဲ့ သီသီလေးကပ်လွဲသွားတယ်။ ကျည်ဆန်တွေက ကျနော့်ခေါင်းနဲ့လည်း ရှပ်လွတ်သွားတာ။ ပထမဆုံး တကြိမ်ကတော့ အမြဲအငိုက်မိတတ်ကြပါတယ်။ မှန်စတချို့တောင် ကျနော့်ပခုံးကိုလာစင်တယ်ဗျာ။
“ အင်း… သေနတ်ကတော့ Suppressor (အသံနှိမ့်ပြောင်း) တပ်မထားဘူး…” လို့ ကျနော်တွေးမိလိုက်ပါတယ်။ ဧည့်ဆောင်ထဲကပစ်လိုက်တာဘယ်သူမှန်းကိုမသိဘူး။ ဒါပေမယ့် ကျနော်တို့အားလုံးရဲ့သေနတ်တွေမှာ Suppressor တွေတပ်ထားပါတယ်။ အဲဒီတော့ Suppressor တပ်မထားတဲ့သေနတ်က ရန်သူ့သေနတ်ပဲပေါ့။ အိမ်ထဲကတယောက်ယောက်မှာ ချေမှူန်းရေးရိုင်ဖယ်လ်တလက်တော့ရှိနေတဲ့သဘောပဲ။ ရင်ဘတ်လောက်ကိုမှန်းပြီး အတွဲလိုက်ဆွဲထည့်လိုက်ပုံရတယ်။ အထဲကလူကတော့ ချောင်ပိတ်မိနေပြီ။ ကျနော်တို့လာနေပြီဆိုတာသိနေပေမယ့် ပြေးပေါက်ကမရှိတော့ဘူး။ ဒင်းနဲ့ တွတ်ပီနဲ့တော့ အဲဒီမှာစတွေ့ကြပြီပေါ့ဗျား။
“ ဒါမျိုးတွေရိုးနေပြီ…”
အထဲကသေနတ်သံ ထွက်လာတာနဲ့ တံခါးရဲ့ဗယ်ဘက်ခြမ်းမှာစောင့်ကြည့်နေတဲ့ ၀ီလ်က အထဲကိုတန်းပစ်ပါတော့တယ်။ ကျနော်လည်း ဒူးထောက်လျက်နဲ့ နည်းနည်းလေးနောက်ဆုတ်လိုက်ပြီး အထဲကိုဆက်တိုက်ပစ်ပါတယ်။
“ ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်… ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်… ”
ကျနော်တို့ ပစ်တဲ့ကျည်တွေက သံတံခါးကိုဖေါက်ဝင်သွားကြပါတယ်။ ကျနော်လည်း တံခါးရှေ့ကနေ သာသာလေး လှိမ့်ထွက်လိုက်တယ်။ လှိမ့်လိုက်တော့ ကျနော့်ဗယ်ပခုံးက စူးကနဲအောင့်သွားတယ်။ ကြည့်ရတာ မှန်စများ ၀င်သွားလားမသိဘူး။ ကျနော်လည်းထရပ်ပြီး သံတံခါးဘေးက ပြတင်းပေါက်နားကို သွားလိုက်ပါတယ်။
“ အာမက်အယ်ကူဝိတ်တီး… အပြင်ထွက်လာခဲ့…”
လို့ ၀ီလ်က အပြင်ကနေ အထဲကို လှမ်းအော်နေပါတယ်။ သူအော်နေပေမယ့် အထဲက ဘာသံမှကိုမကြားရဘူး။ အဲဒီတော့လည်း အထဲကိုဝင်ဖို့က တနည်းပဲရှိတော့တယ်။ တံခါးမှာကပ်ထားတဲ့ Breaching Charge ကို ခွဲမှကိုဖြစ်တော့မှာ။ အဲဒါနဲ့ကျနော်တံခါးနားကို ဒူးကွေးခေါင်းငုံ့ပြီး တိုးသွားလိုက်ပါတယ်။ အာမက်က ဒီတိုင်းတော့ လက်နက်ချမှာမဟုတ်ဘူးဗျ။ ဒီမောင် ပြန်တော့ဆော်ဦးမှာ။ အဲဒီတော့ တံခါးကိုခွဲလိုက်ပြီးတာနဲ့ အခန်းမရှင်းရသေးခင် လက်ပစ်ဗုံးတလုံး ချက်ချင်းပစ်သွင်းဖို့ ကျနော်စဉ်းစားတယ်။ သိပ်အရဲမကိုးချင်ဘူးဗျာ။ ကိုယ်က “ဂျက်လီ” မှမဟုတ်တာ။
အဲဒါနဲ့ ကျနော်လည်း Breaching Charge မှာ Detonator တပ်မလို့လုပ်နေတုန်း… ရုတ်တရက် တံခါးကိုအထဲက ဖွင့်နေတဲ့အသံမျိုးကြားလိုက်ရတယ်။ အထဲက တယောက်ယောက်က တံခါးသော့ဖွင့်နေတဲ့ပုံပဲ။ ၀ီလ် လည်းကြားတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်လုံး တံခါးနားကနေအနောက်ကို နည်းနည်းဆုတ်လိုက်ကြပါတယ်။ အထဲကနေ ဘယ်သူထွက်လာမလဲဆိုတာ မြင်မှမမြင်ရတာ။ ရုတ်တရက် ထွက်လာပြီးလက်ပစ်ဗုံးနဲ့ပဲထုမလား၊ ခုနကလို AK နဲ့ပဲ အတွဲလိုက်ဆွဲမလား ဘာဖြစ်လာမယ်ဆိုတာ မသိဘူး။ ကိုယ်က ဗေဒင်ဆရာမှ မဟုတ်တာ…
အဲဒါနဲ့ ကျနော်လည်း ဘေးဘီကိုကြည့်လိုက်တော့ အကာအကွယ်ယူစရာကလည်း ဘာဆိုဘာမှကိုမရှိတာ။ ခြံထဲမှာကလည်း အမှိုက်တွေနဲ့ ပန်းခြံအတွက်သုံးတဲ့ လက်နက်ကိရိယာတွေလောက်ပဲရှိတယ်။ အဲဒီတော့ ကျနော်တို့အတွက်လုပ်စရာ တလမ်းပဲရှိတော့တယ်။ နောက်ကိုထပ်ဆုတ်၊ သံတံခါးနဲ့ ဘေးကပြတင်းပေါက်တွေနဲ့ လွတ်လွတ်ကင်းကင်းလောက်မှာနေ… လောလောဆယ်ကတော့ ဒါလောက်ပဲလုပ်လို့ရတယ်။
အဲဒီအချိန်မှာ… ဂျောက်ခနဲအသံမြည်ပြီး တံခါးက ဖြည်းဖြည်းလေးပွင့်သွားတယ်။ ပွဲကတော့စပြီဗျို့…
ရုတ်တရက် ကျနော့်နားထဲမှာ မိန်းမတယောက်ရဲ့အသံကိုကြားလိုက်သလိုပဲ။ မိန်းမအသံကြားလို့ စိတ်ချရပြီလို့တော့ မထင်နဲ့ဗျို့။ အသေခံဗုံးခွဲဖို့ အဲဒီမိန်းမကိုယ်မှာ ဗုံးတွေပတ်လာရင် ကြောင်တောင်တောင်နဲ့ နတ်ပြည်ရောက်ပြီး နတ်သားကြီးလုံးလုံးဖြစ်နေမယ်။ ဒီခြံကအကြမ်းဖက်သမားတွေနေတဲ့ခြံလေ။ အထဲမှာရှိတဲ့လူတွေအားလုံးက တကျိတ်တည်းပဲ။ သေမှာလည်း သိပ်ဂရုစိုက်ကြတဲ့ လူစားမျိုးတွေမဟုတ်ဘူး။
ကျနော့်မျက်နှာပေါ်မှာလည်း Black Hawk (1) ပျက်ကျတုန်းကတည်းက ဖုန်တွေသဲတွေကကပ်နေတာ၊ အခုလည်းချွေးတွေက ပြန်လာတယ်။ အဲဒီမှာ ကျနော့် NVG ထဲကနေ တံခါးဝမှာ မိန်းမတယောက်ပုံစံကို လှမ်းတွေ့လိုက်တယ်။ အဲဒီမိန်းမလက်ထဲမှာ ဘာလည်းမသိဘူး ကိုင်ထားတယ်။ ဟား… ဘာပြောကောင်းမလဲ… ကျနော့်လက်ညှိုးက Trigger (အပစ်ခလုတ်) ပေါ်မှာ တင်းခနဲဖြစ်နေပြီ။ ကျနော်နဲ့ ၀ီလ်တို့သေနတ်တွေက IR Laser (အနီအောက်လေဆာရောင်ခြည်တန်း) တွေက အဲဒီမိန်းမခေါင်းပေါ်မှာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဖြစ်နေကြပြီ။ သူ့လက်ထဲမှာ ဗုံးတွေ့တာနဲ့ ပွဲပြတ်ပြီ။
တံခါးလည်းဖြည်းဖြည်းချင်းပွင့်လာရော သူ့လက်ထဲကဟာက ကလေးလေးတယောက်ဖြစ်နေတယ်။ အဲဒီအမျိုးသမီးက အာမက်ရဲ့မိန်းမ မရီယမ် (Mariam) ပါ။ သူ့ရင်ခွင်ထဲကကလေးကို ခပ်တင်းတင်းပွေ့ထားတယ်။ သူ့နောက်မှာလည်း နောက်ထပ်ကလေးသုံးယောက်ပါလာသေးတယ်။
“ ဒီနားလာခဲ့…” ဆိုပြီး အာရဗီစကားတတ်တဲ့ ၀ီလ်က လှမ်းခေါ်လိုက်ပါတယ်။ မရီယမ်တို့အုပ်စု ရှေ့ကိုတိုးသွားတော့ ကျနော်လည်း သူတို့ကိုသေနတ်နဲ့ဆက်ချိန်ပြီး စောင့်ကြည့်နေရပါတယ်။
“ သူသေပြီ…” ဆိုပြီး မရီယမ်က အာရဗီစကားနဲ့ ၀ီလ့်ကိုလှမ်းပြောပါတယ်။
“ ရှင်တို့ပစ်လိုက်တာ သူ့ကိုထိသွားတယ်၊ ရှင်တို့ ကျမယောက်ျားကို သတ်လိုက်ကြတာ…”
ဝီလ်က မရီယမ့်တကိုယ်လုံးကို လက်နက်ပါမပါ စစ်ဆေးလိုက်ပါတယ်။
“ အာမက် သေပြီလို့ သူ့မိန်းမကပြောနေတယ်…” လို့ ၀ီလ်က ကျနော့်ကိုလှမ်းပြောပါတယ်။
ပြီးတာနဲ့ ကျနော် တံခါးရဲ့ညာဘက်နားကို ကပ်သွားလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်တယ်။ အိပ်ခန်းကိုသွားတဲ့လမ်းလေးပေါ်မှာ လဲနေတဲ့လူတယောက်ရဲ့ ခြေထောက်တွေကို တံခါးဝကနေ တွေ့လိုက်ရပါတယ်။ ဒါပမယ့်ခက်တာက အာမက် တကယ်ပဲအသက်ပျောက်သွားပြီလား၊ ဒါမှမဟုတ် သေချင်ယောင်ဆောင်နေလား ဆိုတာ ကျနော်တို့လည်း သေချာမသိပါဘူး။ အဲဒီမှာ ၀ီလ် က ကျနော့်ပခုံးကို တချက်လှမ်းဆုပ်လိုက်ပါတယ်။ အထဲကိုဝင်ဖို့ သူအဆင်သင့်ဖြစ်နေပြီဆိုတာကို အသိပေးတာပါ။
ကျနော်တို့နှစ်ယောက်သား တံခါးဝကနေ အထဲကိုဝင်လိုက်ကြပါတယ်။ အထဲရောက်တာနဲ့ ကျနော်လည်း H&K 416 ဒင်ကို ပခုံးကိုဆွဲကပ်လိုက်ပါတယ်။
“ ဒုတ် ဒုတ်… ဒုတ် ဒုတ်…”
အာမက် သေတယ်ဆိုတာသေချာအောင်၊ မသေသေးရင်လည်းသေအောင် ကျနော်သူ့ကိုထပ်ပစ်ရပါတယ်။ လုပ်ထုံးလုပ်နည်းအရပါ။ တော်ကြာမသေပဲ သေချင်ယောင်ပြီး အငိုက်ဖမ်းပစ်လို့ ကျနော်တို့ထဲက တယောက်ယောက်ကျသွားရင် ကိုရီးယားကားတွေထဲကလို ဇာတ်နာနေလိမ့်မယ်။ ဒါကိုရီးယားကား ရိုက်နေတာမဟုတ်ပါဘူး။
အိမ်ထဲမှာကဆီချေးစော်တွေနံနေပါတယ်။ အာမက်အနားကို တချက်သွားကြည့်လိုက်တော့ အိပ်ခန်းတံခါးအတွင်းထဲမှာ ပစ္စတိုတလက်နဲ့ AK တလက်တွေ့လိုက်ရပါတယ်။ အဲဒါနဲ့ အဲဒီသေနတ်နှစ်လက်ကို ကန်ထုတ်ပြီး အခန်းကို ဆက်ပြီး ရှင်းလင်းရပါတယ်။ အခန်းထဲမှာ အိပ်ယာအကြီးတခုနဲ့ နံရံနဲ့ကပ်ပြီး ကလေးတွေအတွက် အိပ်ယာအသေးတွေ ခင်းထားတာကို တွေ့လိုက်ရပါတယ်။ အာမက်တို့ တမိသားစုလုံးက ဒီဧည့်ဆောင်ထဲက အိပ်ခန်းထဲမှာအိပ်ကြတာပါ။
ဧည့်ဆောင်ရဲ့ ဟိုးအထဲကတော့ မီးဖိုချောင်နေရာပါ။ တွေ့လိုက်ရတာတော့ အာမက်ကအထဲကနေပစ်လို့ ၀ီလ်နဲ့ကျနော် ပြန်ပစ်ကြတုန်းက အနီးကပ်ပစ်တော့ အာမက်ကိုထိရုံတင်မကပါဘူး မီးဖိုချောင်ထဲကိုပါထိပြီး တော်တော်ပျက်စီးသွားခဲ့ပါတယ်။ ကြောင်အိမ်ဆိုလည်း ဖွာထွက်ပြီး အထဲမှာထည့်ထားတဲ့ ရိက္ခာခြောက်တွေလည်း ပွထနေပါတယ်။ မီးဖိုမှာလည်း ကျည်ဆန်ရာတွေနဲ့ပါ။ နံရံပေါ်က အပေါစား နံရံကပ်ကြွေပြားတွေလည်း အေးချမ်းမေ ဖြစ်ပြီး ကြမ်းပေါ်မှာ ပြန့်ကျဲနေပါတယ်။
အာမက်ဆီကထွက်လာတဲ့သွေးတွေနဲ့ ရေတွေရောပြီး ကြမ်းပြင်ကနင်းလိုက်ရင် ချော်နေပါတယ်။ အာမက်တို့အိပ်ခန်းနဲ့ မီးဖိုချောင်ခန်းရှင်းပြီးတာနဲ့ ကျနော်နဲ့ဝီလ် တို့နှစ်ယောက်သား ဧည့်ဆောင်ထဲကနေ ခပ်သွက်သွက် ပြန်ထွက်လာကြပါတယ်။
“ ရန်သူနဲ့ထိတွေ့မှုဖြစ်တယ်၊ ဧည့်ဆောင်ကိုရှင်းပြီးပြီ…”
လို့ Chalk One အဖွဲ့ကို Troop Net ကနေတဆင့် ကျနော်လှမ်းပြောလိုက်ပြီး IR Chemlight တခုကို ဧည့်ဆောင်အ၀င် သံတံခါးဝမှာ ပစ်ချလိုက်ပါတယ်။ ပြီးတာနဲ့ ပင်မဆောင်ဘက်က အဖွဲ့ကိုအားဖြည့်ဖို့ သူတို့ဆီကို ကျနော်တို့နှစ်ယောက် ဦးတည်သွားနေပါပြီ။ သွားရင်းနဲ့လမ်းမှာ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ရင်း ကျနော်တို့ သေနတ်တွေရဲ့ IR Laser တွေက တလက်လက်နဲ့ တောက်ပနေတာကို NVG ထဲကနေ မြင်နေရပါတယ်။
----------------------------
ဆက်ရန်

သွေးကြွေး(၁၀)


 ဆက်သွယ်ရေးကွန်ယက်ပေါ်မှာလည်း အသံတွေစထွက်လာပါပြီ။ တခုခုအမှားအယွင်းရှိရင် လုပ်ရမယ့် အရေးပေါ်ကြားဖြတ်အစီအစဉ်အရ Chalk Two အဖွဲ့က အိမ်ခေါင်မိုးပေါ်ကို Fast-rope နဲ့မဆင်းနိုင်ရင် ခြံမြောက်ဘက်က ဂိတ်ရှိတဲ့နေရာက၀င်ရလိမ့်မယ်။ ကျနော်လည်း အခု Chalk One အဖွဲ့ရှိတဲ့နေရာကို သွားနေရင်းနဲ့ အိမ်မကြီးနဲ့ဆက်ထားတဲ့ ဧည့်ခန်းအဆောင်ရဲ့အ၀င်တံခါးနားရောက်လာပါတယ်။ ခပ်သော့သော့လျှောက်လာနေရင်း ကျနော်တို့ဖိနပ်တွေက ကျောက်စရစ်ခဲတွေကိုဖိကြိတ်မိတဲ့ အသံတော့နည်းနည်းထွက်တယ်။
ကျနော်နဲ့ကပ်လျက် ပါလာတာကတော့ ၀ီလ် ပါ။ ကျနော်တို့လိုချင်တဲ့ပစ်မှတ်ရဲ့ စိတ်အချရဆုံး ဆက်သားဖြစ်တဲ့ အာမက်အယ်လ်ကူဝိတ်တီး က အဲဒီဧည့်ဆောင်ထဲမှာသူ့မိသားစုလေးနဲ့နေတယ်ဆိုတာ ထောက်လှမ်းရေးသတင်းအရ ကျနော်တို့သိပြီးသားပါ။ သူ့မိန်းမ အနည်းဆုံးတယောက်နဲ့ ကလေးတွေ ရှိနေမယ်လို့ ကျနော်တို့မျှော်လင့်ပြီးသားပါ။ အခန်းထဲမှာကလေးတွေလည်း ရှိနေတယ်ဆိုတော့ လူလုပ်ထောင်ချောက် (Booby Trap) တွေ ရှိနေမယ်လို့တော့ မထင်မိဘူး။
ဓါတ်ပုံတွေနဲ့ပုံစံတူအဆောက်အဦးတွေထဲကလိုပါပဲ။ ဧည့်ဆောင်အ၀င်မှာ အပေါ်ပိုင်းမှာ ပြတင်းပေါက်လေး ဖေါက်ထားတဲ့ နှစ်ထပ်သံတံခါးတချပ်ရှိပါတယ်။ အဲဒီတံခါးနဲ့ဗယ်ဘက်ကပ်လျက်မှာတော့ သံတိုင်တွေနဲ့ ကာထားပြီး အထဲမှာ ပြတင်းမှန်တွေရှိပါတယ်။ အိမ်ထဲမှာတော့ မီးရောင်လုံးဝမတွေ့ရဘူး။ ပြတင်းပေါက်တွေကိုလည်း စောင်တွေနဲ့ကာထားတော့ အထဲကိုဘယ်လိုမှမမြင်ရဘူး။
ဝီလ်က တံခါးရဲ့ဗယ်ဘက်မှာစောင့်ကြည့်နေပါတယ်။ ကျနော်က L ပုံစံ တံခါးလက်ကိုင်ကို သာသာလေးလှည့်ဖွင့်လိုက်တယ်။ ၂ ခေါက်လောက်လှည့်တာတောင်မပွင့်ဘူး။ အထဲကနေ သော့ချထားတယ်။ အဲဒါနဲ့ကျနော် နောက်ဆုတ်ပေးလိုက်တယ်။ ၀ီလ် က သူ့ကျောပိုးအိတ်ထဲမှာပါတဲ့ တူအကြီးကိုထုတ်ပြီး တူလက်ကိုင်ကို ဖျောက်ခနဲ့ဆွဲဆန့်လိုက်တယ်။ အဲဒီအချိန်မှာကျနော်က တံခါးရဲ့ညာဘက်ကနေ စောင့်ကြည့်နေပေးရပါတယ်။
တူနဲ့ထုလိုက်တော့ တံခါးလက်ကိုင်က ကျိုးပဲ့ထွက်သွားတယ်။ သူ နောက်ထပ် နှစ်ချက်ထပ်ထုသေးတယ်။ တံခါးကတုတ်တုတ်တောင်မလှုပ်ဘူးဗျာ။ တံခါးတွေကသံပြားအထူကြီးတွေနဲ့လုပ်ထားတာလေ။ အင်း… တူနဲ့ထုလို့တော့ ထူးမှာမဟုတ်တော့ဘူးဆိုတာ ကျနော်တို့နှစ်ယောက်လုံးသိလိုက်ပါတယ်။ အဲဒါနဲ့ဘေးက သံတိုင်တွေကာထားတဲ့ ပြတင်းပေါက်ကို တူနဲ့ထုကြည့်ပါတယ်။ အထဲကမှန်ချပ်တွေကိုခွဲပြီး အတွင်းဘက်ကို ကြည့်ချင်လို့။ ဖြစ်ချင်တော့ သံတိုင်တွေကစိပ်လွန်းတော့ တူကိုထုပြီးပြန်ဆွဲယူလိုက်တိုင်း တူက သံတိုင်တွေကြားထဲမှာ ညပ်ညပ်နေတယ်။
“ ခွဲလိုက်တော့မယ်…” လို့ ၀ီ့လ်ကို ကျနော်ခပ်တိုးတိုးပြောလိုက်ပြီး ကျနော့်အိတ်ထဲက Breaching Charge (ဖောက်ခွဲရေးပစ္စည်း) ကိုဆွဲထုတ်လိုက်ပါတယ်။ ခုချိန်မှာ အချိန်ကရွှေထက်တန်ဖိုးရှိတယ်ဆိုတာ ကျနော်တို့နှစ်ယောက်လုံးသိကြပါတယ်။ ဟယ်လီကော်ပတာပျက်ကျသွားကတည်းက မှန်းထားသလို ရန်သူကိုအငိုက်ဖမ်းဖို့က သိပ်အဆင်မပြေတော့ဘူးလေ။ ၀ီလ် က ချက်ချင်းသူ့တူကိုပြန်ခေါက်ထည့်လိုက်ပြီး တံခါးကို သူ့ရိုင်ဖယ်လ်သေနတ်နဲ့ချိန်ထားလိုက်ပါတယ်။
ရုတ်တရက် ခြံဝင်းတဖက်ကနေ… “ အုန်း ” ကနဲအသံထွက်လာတယ်။ Chalk Two အဖွဲ့ကခြံမြောက်ဘက်က ဂိတ်ကိုဖောက်ခွဲလိုက်တဲ့အသံပါ။ “ Failed Breach…” ဆိုပြီး “ အဆင်မပြေဘူး… ” ဆိုတဲ့ အသံတွေ ကြားလိုက်ရပါတယ်။ “ ကျနော်တို့ Delta Gate (ဒယ်လ်တာဂိတ်) ကိုသွားနေကြပြီ…” ဆိုတဲ့အသံတွေ ထပ်ကြားလိုက်ရတယ်။ ခြံမြောက်ဘက်ကဂိတ်တံခါးကိုခွဲတော့ တံခါးကပွင့်ထွက်သွားတယ်။ ဒါပေမယ့် အထဲမှာ အုတ်စီပြီးအသေပိတ်ထားတယ်။ အဲတော့ဝင်လို့မရဘူး။ အမှန်ကခုချိန်ဆို Chalk Two က အိမ်ကြီးရဲ့ တတိယထပ်ကိုဝင်စီးနေရမှာ။ ဒါပေမယ့် အခုမှ အပေါက်ဝမှာဝင်ဖို့လုပ်နေရတုန်းရှိသေးတယ်။
“ ကြားတယ်… အထဲကနေ ကျနော်တံခါးလာဖွင့်ပေးမယ်…” လို့ ကျနော်တို့အဖွဲ့က မိုက်ခ် (Mike) လှမ်းပြောလိုက်တာကို Troop Net ကနေ ကျနော်ကြားလိုက်ပါတယ်။ Delta Gate က ဟယ်လီကော်ပတာပျက်ကျတဲ့နေရာနဲ့ ဟိုဖက်ခြမ်းမှာရှိတဲ့ခြံရဲ့ ကြားထဲက ခြံထဲကိုကားအ၀င်အထွက်လုပ်တဲ့လမ်းရဲ့တောင်ဘက်အဆုံးမှာရှိတဲ့ ဂိတ်ကိုပြောတာပါ။ မိုက်ခ်ကအဲဒီဂိတ်နဲ့မလှမ်းမကမ်းက ကားလမ်းရဲ့တောင်ဘက်အဆုံးမှာရောက်နေပါတယ်။
စစ်ဆင်ရေးကတော့အရှိန်ကောင်းနေပါပြီ။ Black Hawk (1) ပျက်ကျပြီး ကျနော်တို့မြေပေါ်ရောက်လာတာ အခုဆို (၅) မိနစ်လောက်ပဲရှိပါသေးတယ်။ Chalk One နဲ့ Chalk Two က အဖွဲ့သား (၂၄) ယောက်လုံး ခြံထဲမှာ လှုပ်ရှားနေကြပါပြီ။ တယောက်ချင်းစီမှာ လုပ်ဆောင်ရမယ့် တာဝန်တွေ အတိအကျရှိနေပြီးသားပါ။
ကျနော်တို့ Chalk One နဲ့ Chalk Two အဖွဲ့သားတွေကတော့ အမေရိကန်ရေတပ်ရဲ့ DEVGRU လို့ခေါ်တဲ့ SEAL Team Six ရဲ့ Red Squadron (အနီရောင်တပ်ဖွဲ့) ကပါ။ DEVGRU Operator တွေလို့ခေါ်ပါတယ်။ JSOC လက်အောက်မှာ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့… ကြည်းတပ်ရဲ့ Delta Force ၊ ရေတပ်ရဲ့ SEAL Team Six (DEVGRU) နဲ့ လေတပ်ရဲ့ 24th Special Tactics Squadron တွေပါဝင်ပါတယ်။ ကြည်းတပ်အထူးစစ်ဆင်ရေးဋ္ဌာနချုပ် (ASOC) လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်တွေဖြစ်တဲ့ Night Stalkers နဲ့ Rangers ကိုလည်း လိုအပ်တဲ့အချိန်ကျရင် JSOC က လွှဲကိုင်တတ်ပါတယ်။ အခုစစ်ဆင်ရေးမှာပါတဲ့ ပိုင်းလော့တွေနဲ့ ဟယ်လီကော်ပတာ အဖွဲ့သားတွေက Night Stalker တွေပါ။
အခုခြံထဲကိုရောက်နေတဲ့ DEVGRU Operator နှစ်ဆယ့်လေးယောက် လက်ထဲမှာ တချို့က H&K 416 Assault Rifle (5.56mm) နဲ့ တချို့က FN SCAR-H Battle Rifle (7.62mm) တွေ၊ တချို့ကတော့ H&K MP7 PDW (4.6mm) တွေ၊ တချို့ကျပြန်တော့ H&K MK48 (7.62mm) စက်သေနတ်တွေ၊ Side Arm ကတော့ SIG Sauer P226 (9mm) သို့မဟုတ် H&K MK23 (.45 ACP) ပစ္စတိုတွေ အားလုံးတယောက်တလက်စီ ပါပါတယ်။ သေနတ်သံ သိပ်မထွက်အောင် ကျနော်တို့သေနတ်တွေ အားလုံးမှာ Supressor (အသံနှိမ့်ပြောင်း) တွေ တပ်ထားတယ်။ ကျနော်တို့က Insight Tech L-3 GPVNG-18 NVG (ညကြည့်ကိရိယာ) တွေ သုံးကြသလို၊ Nightstalker ပိုင်းလော့တွေနဲ့ ဟယ်လီကော်တာ အဖွဲ့သားတွေကတော့ Insight Tech AN/AVS-6 NVG တွေ သုံးကြပါတယ်။
ဒီခြံဝင်းထဲမှာနေတဲ့သူတွေလည်း ခုခံကာကွယ်မှုတွေလုပ်ဖို့ ပြင်ဆင်နေကြပြီ ဆိုတာလည်း သံသယရှိစရာကို မလိုပါဘူး။ ဒါပေမယ့် ညကြီးမင်းကြီး ဖိတ်စာမပါ၊ သံချောင်းမခေါက် ရောက်ချလာတဲ့ လက်နက်အပြည့်အစုံနဲ့ Operator နှစ်ဆယ့်လေးယောက်ကို ပြန်တိုက်မယ့်သူတွေ အတွက်ကတော့ အသက်အာမခံ တော်တော် ကောင်းကောင်းရှိဖို့ လိုပါတယ်။ ပိုဆိုးတာက အခုလာတဲ့သူတွေက SEAL တွေထဲမှာမှ ထိပ်တန်း SEAL တွေဖြစ်ကြတဲ့ DEVGRU Operator တွေဖြစ်နေကြပြီး အဲဒီထဲကမှတခါ ဒုတိယဗိုလ်ချုပ်ကြီး မက်ရေဗဲန် ရွေးချယ်ထားတဲ့ လက်ရွေးစင် Operator နှစ်ဆယ့်လေးယောက်ပါ။ ဒင်းတို့ကို ပြောပြရင် သောကမျက်ရည်တွေ ဘူးသီးလုံးလောက် တောက်တောက်ကျသွားလိမ့်မယ်။
ကျနော်တို့အပြင် ကျနော်တို့နဲ့တူတူထွက်လာတဲ့ MH-47 Chinook နှစ်စီးထဲမှာ နောက်ထပ် DEVGRU Operator (၂၄) ယောက်ပါပါတယ်။ သူတို့ပါတဲ့ MH-47 တွေက “ ဂျလာလာဘတ် ” ကနေ “ အဘော်တဘတ် ” ကိုလာတဲ့လမ်းရဲ့ ပါကစ္စတန်ဘက်ခြမ်း လမ်းခုလတ်တနေရာမှာ မြေပေါ်ဆင်းပြီး စောင့်နေကြပါတယ်။ ဒါ့အပြင် အာဖဂန်-ပါကစ္စတန်နယ်စပ်ရဲ့ အာဖဂန်နစ္စတန်ဘက်ခြမ်းမှာ နောက်ထပ် MH-47 နှစ်စီးနဲ့ DEVGRU Operator (၂၅) ယောက်စောင့်နေကြပါတယ်။ လိုက်ပွဲတွေ၊ အရံလိုက်ပွဲတွေပေါ့ဗျာ။
----------------------------------------------------------
ဆက်ရန်

သွေးကြွေး(၉)


အုတ်နံရံပေါ်မှာဟယ်လီကော်ပတာက အမြီးထောင်လျက်ကြီးနဲ့ တစောင်းတင်နေပြီးတော့ ရိုတာဒလက်အကြီးတွေက ခုချိန်ထိမရပ်သေးဘူး၊ တဒုန်းဒုန်းနဲ့ခုတ်နေတုန်း။ ဟယ်လီကော်ပတာရဲ့ ဟိုဖက်ကိုဖြတ်သွားမှ ပင်မခြံထဲရောက်မှာ။ ဖုန်တွေသဲတွေနဲ့ ၀ရုန်းသုန်းကားနဲ့ဆိုတော့ ကျနော့် ညကြည့်ကိရိယာ (NVG) နဲ့တောင် ဒလက်တွေက ဘယ်လောက်အမြင့်ထိထောင်ပြီး လည်နေတယ်ဆိုတာလည်း ကောင်းကောင်းမမြင်ရဘူး။ ပင်မခြံထဲသွားဖို့ကတလမ်းပဲရှိတယ်။ တစောင်းထောင်နေတဲ့ ဟယ်လီကော်ပတာအပျက်အောက်ကနေ ၀င်တိုးရမှာ။
“ ကျနော်ခွဲလိုက်မယ်…” လို့ ချာလီပြောတာကို Troop Net (ချေမှူန်းရေးကွန်ယက်) ကနေ တချက်ကြားလိုက်တယ်။ ချာလီ ပင်မခြံရဲ့ဂိတ်တံခါးဆီကိုပြေးပြီး ဖောက်ခွဲရေးယမ်းတွေဆင်နေတာ လှမ်းတွေ့နေရတယ်။ ခေါင်းကိုငုံ့ချလိုက်ပြီးဟယ်လီကော်ပတာပျက်ဘက်ကို ကျနော်ပြေးလိုက်တယ်။ နီးလာတော့ အုတ်တံတိုင်းနဲ့ ကပ်လို့ရသလောက်ကပ်ပြီး တံတိုင်းပေါ်တင်နေတဲ့အမြီးနဲ့မြေကြီးနဲ့ကြားက လွတ်နေတဲ့နေရာလေးကနေ ဖြတ်ပြေးရတယ်။ ဟယ်လီကော်ပတာအင်ဂျင်တွေကနေ အပူလှိုင်းတွေ ထွက်နေပါတယ်။ Hair-Dryer အထဲမှာခဏလေးလမ်းဝင်လျှောက်လိုက်ရသလိုပါပဲ။
ဟိုဘက်လည်းရောက်ရော သော့ခတ်ထားတဲ့ ပင်မခြံအ၀င်ဂိတ်တံခါးမှာ ချာလီတယောက် တကုန်းကုန်းနဲ့ ဖောက်ခွဲရေးယမ်းတွေ ကပ်နေတာတွေ့နေ ရတယ်။ ကျန်တဲ့မောင်တွေကတော့ အရပ်မျက်နှာလေးဘက်ကို သေနတ်ပြောင်းတွေလှည့်ပြီး စောင့်ကြည့်နေကြတယ်။ အထဲကနေ ကြောင်တောင်တောင်နဲ့ ထွက်လာရင်တော့ တေတေးပဲ။
ဂိတ်နားမှာရှိတဲ့ ဘာသာရေးဝတ်ပြုခန်းဘက်ကို ကျနော်သွားလိုက်ပြီး အခန်းထဲမှာရန်သူရှိမရှိသေချာအောင် သွားစစ်လိုက်တယ်။ ၀တ်ပြုခန်းထဲမှာက ဟာလာဟင်းလင်းပါပဲ။ ကြမ်းပြင်ပေါ်မှာ ကော်ဇော်အထူကြီးတွေ ခင်းထားတယ်။ ဘေးကနံရံတလျှောက်မှာတော့ ခေါင်းအုံးတွေစီထားတယ်။ ၀တ်ပြုခန်းက ဧည့်သည်တွေနဲ့ ဆုံတဲ့ကိစ္စတွေအတွက်ပဲ အများဆုံးသုံးတယ်။ ဒါတောင်ဧည့်သည့်က သိပ်လာလေ့လာထမရှိဘူးလို့ ထောက်လှမ်းရေးသတင်းအရ ကျနော်တို့သိထားပါတယ်။ ၀တ်ပြုခန်းကိုရှင်းပြီးတော့ အနီအောက်ရောင်ခြည် ဓါတုမီးချောင်း (IR Chemlight) ကိုကျနော်အ၀င်တံခါးနား ပစ်ချလိုက်ပါတယ်။ အဲဒါကို တခြားအဖွဲ့သားတွေမြင်တာနဲ့ ဒီအခန်းရှင်းပြီးပြီဆိုတာ ချက်ချင်းသိပါတယ်။
အပြင်ဘက်ရောက်တော့ ပေါက်ကွဲတဲ့နေရာကလွင့်လာတဲ့အစအနတွေဘယ်သူမှမထိအောင် ချာလီက Backblast (ပေါက်ကွဲမှုသက်ရောက်သောနေရာတ၀ိုက်) ကို သေချာစစ်ဆေးနေတာကို တွေ့လိုက်ရပါတယ်။ ကိုရွှေချာလီက Detonator (ဖေါက်ခွဲရေးကိရိယာ) ကိုနှိပ်လိုက်ပြီး သူလုပ်နေကျအတိုင်း ကမ္ဘာ့ဖလားကန်တဲ့ဒီဇိုင်းနဲ့ လျှောခနဲ နောက်ပြန်လှိမ့်ချလိုက်တာကိုတွေ့ရပါတယ်။ ဟဲဟဲ… သူက ဒါမျိုးလုပ်စားနေတာကြာပြီလေ။
ကျနော်တို့တွေကတော့ ခေါင်းတွေကိုငုံ့ပြီး မျက်လုံးတွေကိုကာထားရတယ်။ ခုကျတော့ ထုံးစံအတိုင်းပေါ့၊ အားလုံးမတုန်မလှုပ် မောင်ကျောက်ရုပ်တွေပြန်ဖြစ်နေကြပြီ။ ဒီတံခါးခွဲတာလောက်ကတော့ စာတောင်မဖွဲ့ဘူး။ အခုကျနော်တို့ Black Hawk (1) ပေါ်မှာပါတဲ့ ကျနော်တို့ Chalk One အဖွဲ့သားတွေ အားလုံးလဲ မြေပေါ်ရောက်နေကြပြီဆိုတော့ စစ်ဆင်ရေးပြီးအောင်ဆက်နွှဲဖို့ပဲကျန်တော့တယ်။
ချာလီဆင်ထားတဲ့ယမ်းတွေက “ အုန်း “ ကနဲပေါက်ကွဲတော့ ဖြစ်လာတဲ့ Shockwave (ပေါက်ကွဲမှုလှိုင်း) ကြောင့် ဂိတ်ကသံတံခါးမှာ အပေါက်ကြီးဖြစ်သွားတယ်။ ချာလီကလိုသလောက်ပဲဆပြီးခွဲသွားတာပါ။ ပြီးတာနဲ့သူကအရင်ဝင်သွားတယ်။ သူက ပေါက်ပြဲသွားတဲ့တံခါးကသံပြားတွေကို ကန်တန်ကန်၊ ဆွဲတန်ဆွဲလုပ်ပြီး ကျနော်တို့နောက်လူတွေဝင်သာအောင်လုပ်ပေးတယ်။ Chalk One အဖွဲ့သားအားလုံးလဲ ခပ်သွက်သွက်ဝင်ကြပြီး ကိုယ့်သတ်မှတ်နေရာတွေဆီ သုတ်ခြေတင်ကြပါလေရော။ စစ်ဆင်ရေးက တာထွက်မှာ တော်တော်တိုင်ပတ်သွားပေမယ့် အခုတော့ မူလအစီအစဉ်အတိုင်း ပြန်သွားနေကြပါပြီ။ ပွဲကပြန်ကောင်းလာပြီ။
ဂိတ်နားတ၀ိုက်လဲရှင်းပြီးရော Chalk Two အဖွဲ့ကိုတင်လာတဲ့ Black Hawk (2) ကိုတွေ့လိုက်တယ်။ အနေအထားကို ကြည့်လိုက်တာနဲ့ Black Hawk (2) မှာပါတဲ့ Chalk Two အဖွဲ့ထဲက အုတ်တံတိုင်းပြင်ပမှာ အပြင်စည်းလုံခြုံရေး ယူရမယ့်အဖွဲ့က ဆင်းသွားနှင့်ပြီဆိုတာ ကျနော်သိလိုက်တယ်။ ဟယ်လီကော်ပတာက အဆောက်အဦးရဲ့အပေါ် လေထဲမှာတန့်နေတုန်း ချေမှူန်းရေးတပ်ဖွဲ့ဝင်တွေ ကြိုးနဲ့ ဆင်းလာကြတော့ အောက်ကို ရိုတာဒလက်က လေလှိုင်းတွေရိုက်တာခံရပါတယ်။ အဲဒါကို စစ်ဆင်ရေးမတိုင်မီ အဆောက်အဦးပုံစံတူ (Mock-up) တွေနဲ့ ကြိုတင်လေ့ကျင့်မှု (Rehearsal) တွေအကြိမ်တဒါဇင်လောက် လုပ်တုန်းကတည်းက ကျနော်ကျင့်သားရနေပါပြီ။ ဒါပေမယ့် အခုတော့ ဟယ်လီကော်ပတာက Rehearsal တုန်းကလို အိမ်ခေါင်မိုးပေါ်မှာ Hover လုပ်ရမယ့်အစား တံတိုင်းအနောက်ဘက်ကိုပျံသွားတယ်။
“ဟယ်လီကော်ပတာတွေနဲ့ဆင်းဖို့ သတ်မှတ်ထားသလိုဖြစ်မလာရင် စိတ်မပူနဲ့၊ အားလုံးမြေပေါ်ရောက်အောင်သာဆင်း…”
…ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီးမက်ရေဗဲန်က နောက်ဆုံးပိတ် အမှာစကားပြောတုန်းက ဆိုခဲ့ပါတယ်။
“ ဘယ်နေရာဆိုတာထက်၊ ခင်ဗျားတို့အားလုံးမြေကြီးပေါ်ကို ဘေးကင်းကင်းနဲ့ရောက်ဖို့က အရေးအကြီးဆုံးပဲ…ကျန်တာကဆက်ရွှေ့သွားရုံပဲ…”
ကြည့်ရတာ အစကပင်မအဆောက်အဦးပေါ်ကိုကြိုးနဲ့ဆင်းမလို့ဟာ ကျနော်တို့ Black Hawk (1) ရဲ့ အခြေအနေကိုကြည့်ပြီး Chalk Two က အစီအစဉ်ပြောင်းလိုက်ရပုံရတယ်။ သူတို့လုပ်တာမှန်ပါတယ်။ ဒီနေရာတ၀ိုက်မှာအပူချိန်ကထင်ထားတာထက်အရမ်းကိုမြင့်နေတာရယ်၊ အုတ်တံတိုင်းက (၁၂) ပေ ဆိုတော့ တော်တော်မြင့်နေတာရယ် အဲဒီမှာ Vortex Ring State လို့ခေါ်တဲ့ ရိုတာဒလက်တွေကို ပင့်တင်အားမဲ့သွားအောင် ဖန်တီးတဲ့ လေဖိအားသက်ရောက်မှုတရပ် ဖြစ်လာပြီး Black Hawk (1) က ထိုးကျသွားတာ။ ကံကြမ္မာကကိုယ့်ဘက်ပါလို့သာပေါ့ဗျာ။ နို့မို့ရင်တော့ အားလုံးသိကြတဲ့အတိုင်းပဲ။ နတ်ပြည်သွားဖို့ DV ပေါက်သွားမယ်လေ။
--------------------------------
ဆက်ရန်


သွေးကြွေး(၈)


 ကံကောင်းချင်တော့ ရိုတာဒလက်ကြီးတွေကကျိုးပဲ့ထွက်မသွားပဲ ရွှံ့မြေကိုတဒုတ်ဒုတ်နဲ့ခုတ်တော့ အဲဒီကထွက်လာတဲ့ ဖုန်တွေသဲတွေနဲ့တလောကလုံး ဗြောင်းဆန်နေတာဗျာ ကုလားသိုက် ကျားဝင်ကိုက်နေသလား အောက်မေ့ရတယ်။ ကျနော်လည်းအသက်ပြန်ရှူပြီး မျက်ခွံပေါ်ကဖုန်တွေကို ပွတ်သပ်ချလိုက်တယ်။ ဖုန်တွေသဲတွေ ကျောက်ခဲတွေကပျံနေတုန်းဆိုတော့ မျက်စိကိုအသာလေး မှေးဖွင့်ရတယ်။ အဲဒီမှာ ကျနော်တော့ မြေပြင်ကနေ (၆) ပေအထက်လောက်မှာ ဇောက်ထိုးကြီးလို ဖြစ်နေတာကို သတိထားမိသွားတယ်။
“Get the fuck out!”
ဝေါ့လ်ထ် ကလှမ်းအော်ပြီးကျနော့်ကိုတွန်းထုတ်လိုက်တယ်။ ကျနော်လည်း ဟယ်လီကော်ပတာထဲကနေ အောက်ကိုပြုတ်ကျသွားတယ်။ အောက်ရောက်တော့ငုတ်တုတ်ပဲ၊ ထမ်းထားတဲ့ဝန်က ပေါင် (၆၀) ဆိုပေမယ့် မြေကြီးပေါ်ရောက်တော့ ဆောင့်တာပြုတာမျိုးမရှိဘူး။ နောက်ကိုလုံးဝလှည့်မကြည့်ဘူး၊ ကျနော်လည်း အိုလံပစ်မှာဝင်နွှဲနိုင်တဲ့အရှိန်နဲ့ ရှေ့ကိုစွတ်ရွတ်ပြေးရတော့တာပဲဗျို့။ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ။ ကိုက် (၃၀) လောက်ရောက်မှ နောက်လည်းလှည့်ကြည့်လိုက်ရော အဲဒီတော့မှ ဟယ်လီကော်ပတာအပျက်ကို စမြင်ရတယ်။
ဟယ်လီကော်ပတာပျက်ကျတော့ အမြီးပိုင်းက ၁၂ ပေမြင့်တဲ့အုတ်တံတိုင်းပေါ်မှာသွားချိတ်နေတာဗျ။ အဲဒီတော့ ရိုတာဒလက်အကြီးတွေက အောက်ကမြေကြီးနဲ့လွတ်သွားတယ်။ မဆောင့်မိတော့ဘူး။ တကယ်လို့သာ ဟယ်လီကော်ပတာရဲ့တခြားအစိတ်အပိုင်းတခုခုသာ အုတ်တံတိုင်းကိုသွားဆောင့်ရင်ဖြစ်ဖြစ်၊ ဟယ်လီကော်ပတာမှောက်ပြီး ရိုတာဒလက်အကြီးတွေက မြေကြီးကိုသွားစောင့်ရင်ဖြစ်ဖြစ် ကျနော်တို့တယောက်မှ အကောင်းအတိုင်း ထွက်လာနိုင်ကြမှမဟုတ်ပါဘူး။ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ အနေအထားမှာ ကျနော်တို့ပိုင်းလော့ တက်ဒီ (Teddy) နဲ့ တွဲဖက်ပိုင်းလော့တို့နှစ်ယောက်က အကောင်းဆုံးလက်စွမ်းပြသွားနိုင်ကြတယ်ဗျာ။ ဘုရားသခင်က ကိုယ်တွေဘက်မှာ အပြည့်အ၀ရပ်တည်တယ်ဗျို့။
ကျနော့်အဖွဲ့သားတွေလည်း ဟယ်လီကော်ပတာပေါ်ကနေ တဗုန်းဗုန်းနဲ့ခုန်ချကြပြီး ဟယ်လီကော်ပတာက တစောင်းကြီးဖြစ်နေတော့ အောက်ကလွတ်နေတဲ့နေရာလေးကနေ မာရသွန်ခြေလှမ်းတွေနဲ့ ထွက်လာကြပါလေရော။ ကျနော့်အဖွဲ့သားတွေလိုပဲ ကျနော်လည်းဖိအားအရမ်းများတဲ့အခြေအနေတွေကို မျိုသိပ်ချုပ်တည်းထားနိုင်ပါတယ်။ အခြေအနေအရ ခုလည်းချုပ်တည်းထားရမှာပဲလေ။ လွန်ခဲ့တဲ့ (၂) မိနစ်က ဟယ်လီကော်ပတာက ခြံထဲမရောက်ပဲအပြင်ရောက်သွားလို့ ကျနော်ပေါက်ကွဲမိတယ်ဗျာ။ ခုတော့ ကျနော်တို့အားလုံးဘာမှမဖြစ်တဲ့အပြင် ခြံထဲမှာရောက်ကုန်ကြပြီ။ အားလုံးမသာပေါ်မလိုဖြစ်သွားပြီးမှ စစ်ဆင်ရေးကအရှိန်ပြန်ရလာပါပြီ။
ကျနော့်အဖွဲ့သားတွေက ပင်မခြံကိုသွားတဲ့ ဂိတ်ပေါက်ကိုဦးတည်သွားနေကြပါပြီ။ ကျနော်လည်း သူတို့ကိုမှီအောင် အမြန်သုတ်ရတော့မယ်။ နို့မို့ရင် သူတို့ကသူတို့ယူရမယ့်နေရာတွေကို သွားနေတဲ့အချိန်မှာ ကျနော်ကဒီလိုရပ်နေတာကို ဝေါ့လ်ထ် နဲ့ ချာလီ တယောက်ယောက်သာတွေ့သွားမယ်ဆိုရင် ကျနော့်နားကြပ်ထဲကို မိုးကြိုးပစ်လိမ့်မယ်။
ဟယ်လီကော်ပတာတွေရဲ့ဆီစားနှုန်းနဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တုံ့ပြန်လာနိုင်မယ့် အချိန်တွေကို တွက်ဆထားပြီးတော့ စစ်ဆင်ရေးကို နာရီဝက်နဲ့အပြီးသတ်ဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် အမှားအယွင်းတခုခု ဖြစ်လာခဲ့ရင်ဆိုပြီး ပိုပိုလိုလို နောက်ထပ် (၁၀) မိနစ် စုစုပေါင်း မိနစ် (၄၀) လို့မှန်းထားပါတယ်။ အခုတော့ အဲဒီ (၁၀) မိနစ်ကိုတကယ်လိုအပ်လာပါပြီ။

------------------------
ဆက်ရန်

သွေးကြွေး(၇)


ခြေထောက်တွေကိုရင်ဘတ်ကိုဆွဲကပ်နိုင်ဖို့ ကျနော်အသည်းအသန်ကြိုးစားတယ်။ ဗိုက်ထဲမှာလဲဗြောင်းဆန် ကုန်ပြီဗျာ။ ပွင့်နေတဲ့ဘေးတံခါးကနေ ကျနော်မြင်နေရတာကတော့ မြေပြင်နဲ့ကပ်လာတာကမြန်လွန်းနေတယ်။ ဟယ်လီကော်ပတာတွေပျက်ကျရင် လေယာဉ်တွေပျက်ကျသလိုမျိုး အရှိန်နဲ့လေဟုန်စီးလို့မရပါဘူး။ စက်ပျက်ပြီဆိုတာနဲ့ လေထဲကနေ ကျောက်ခဲတလုံးလို ပြုတ်ကျလာတော့တာပါပဲ။ မြေပြင်နဲ့ ဆောင့်ပြီဟေ့ဆိုရင် ရိုတာဒလက်တွေကကျိုးပဲ့ကုန်ပြီး အပျက်အစီးအပိုင်းအစတွေက အရပ်မျက်နှာအားလုံးကို လွင့်ထွက်ကုန်တာ။
ကျနော်ကအပေါက်ဝမှာထိုင်နေတော့ ဟယ်လီကော်ပတာသာလိမ့်သွားရင် အပေါက်ကနေကျနော်ထွက်ကျပြီး အကြိတ်ခံရမှာကို တော်တော်စိုးရိမ်မိတယ်ဗျာ။ ဝေါ့လ်ထ် က ကျနော့်ချပ်ဝတ်ကိုကိုင်ပြီး အထဲကိုအတင်း ဆွဲသွင်းနေတာကို ကျနော်သိနေရပါတယ်။ ပြဿနာကကျနော့်ခြေထောက်တွေပါ။ ခြေထောက်တွေကို အထဲကိုဆွဲသွင်းဖို့ဘယ်လောက်ပဲလုပ်လုပ် မရဘူးဖြစ်နေတယ်။ ခြေထောက်တွေက အပြင်မှာ တွဲလောင်းကြီး ဖြစ်နေတုန်းပဲ။ ကျနော့်ဘေးကစနိုက်ပါပုဂ္ဂိုလ်ကတော့ သူ့ခြေထောက်တဖက်က အထဲရောက်နေပြီး နောက်တဖက်ကတော့အပြင်မှာတွဲလောင်းပေါ့။ ဒီနေ့တော့ “တွတ်ပီ” ပဲဗျို့… အခြေအနေက လုံးဝမကောင်းဘူး…
ပျက်ကျနေတဲ့ဟယ်လီကော်ပတာအပေါ်မှာရှိနေတဲ့ဖီလင်က စကားနဲ့ပြောပြလို့အဆင်မပြေလှဘူးဗျ။ ပျက်ကျနေတာသိပေမယ့် ဖြစ်နေတာတွေအားလုံးကိုတော့မသိဘူး။ Looney Tunes ကာတွန်းကားထဲကလို တံခါးထဲမှာနေလို့ရရင်ရနိုင်မယ်လို့ စိတ်ထဲကတွေးနေမိသေးတယ်။ အဲဒီကားထဲမှာ အိမ်ကချောက်ထဲကို ပြိုကျတော့ ကာတွန်းဇာတ်ကောင်လေးက အိမ်ရှေ့တံခါးကနေ ထွက်ပြေးပြီးလွတ်သွားတယ်လေ။ အဲတော့ ဟယ်လီကော်ပတာမြေကြီးနဲ့ဆောင့်ပြီး လိမ့်သွားတာနဲ့ ကျနော်ကတံခါးပေါ်ကိုကျပြီးလွတ်သွားမယ်ပေါ့လေ။ နည်းနည်းစိတ်ကူးယဉ်ကြည့်တာ…
ဟယ်လီကော်ပတာက ခြံဝင်းအပြင်မှာကာထားတဲ့ အုတ်တံတိုင်းကိုကျော်ပြီး မြေကြီးနဲ့ဆောင့်တော့မယ်။ ဟယ်လီကော်ပတာက ၉၀ ဒီဂရီလည်သွားတုန်းက အောက်ကခြံရဲ့တောင်ဘက်ခြမ်းက နံရံနဲ့ အမြီးက ပန်ကာအသေး (Tail Rotor) နဲ့ဆောင့်ဖို့သီသီလေးလွတ်သွားတယ်။ မြေပြင်နဲ့ကပ်လာလေလေ၊ ကြောက်စိတ်ကရင်ထဲမှာတလှိုက်လှိုက်နဲ့တက်လာလေလေပဲ။ ကိုယ့်ကိုယ်ကိုဟန်ချက် ဘယ်လိုမှထိန်းလို့ကမရတော့ ကြောက်စိတ်ကအဲဒီကနေဇာတ်လမ်းစလာတာနဲ့တူပါတယ်။
ဟိုးအရင်ထဲကတွက်ထားတာကတော့ တိုက်ပွဲအတွင်းမှာ ပစ်ခတ်ရင်းနဲ့သေသွားနိုင်တယ်ပေါ့လေ။ အခုလို ဟယ်လီကော်ပတာပျက်ကျလို့ သေတာမျိုးတော့မမျှော်လင့်ခဲ့ဘူးဗျာ။ ကံကြမ္မာကကိုယ့်ကို မျက်နှာသာပေးတာမျိုးကတော့ ကြုံရပေါင်းများပါပြီ။ အဆိုးဆုံးအနေအထားတွေကိုလည်းဖြတ်သန်းခဲ့ပါတယ်။ ကျနော်တို့စစ်မြေပြင်တွက်ဆမှု (Battlefield Calculus) တွေကိုလုပ်ခဲ့ကြသလို ကျနော်တို့ရဲ့ ကျွမ်းကျင်မှုတွေကိုလည်း ယုံကြည်မှုအပြည့်ရှိကြပြီးသားပါ။ အခုကတော့ အထဲမှာမိရာ ဖမ်းကိုင်ထားရုံကလွဲလို့ ဘာမှကိုမလုပ်နိုင်ကြပါဘူး။
ဟယ်လီကော်ပတာနဲ့မြေပြင်နဲ့ဆောင့်ခါနီးလည်းကျရော ဦးပိုင်းကငိုက်ဆင်းသွားတာကျနော်တချက် သတိထားမိလိုက်တယ်။ အသက်အောင့်လိုက်ပြီး မြေကြီးနဲ့ဆောင့်မယ့်အချိန်ကို ကျနော်စောင့်နေလိုက်တယ်။ ခေါင်းပိုင်းက မြေပျော့ထဲကိုစိုက်ဝင်သွားပြီး ဟယ်လီကော်ပတာက တဂျိမ်းဂျိမ်းနဲ့ခါနေတယ်။
“ ၀ုန်းဆိုမြေပြင်နဲ့ ကပ်လာတယ်၊ ဗြုန်းဆိုဘယ်လိုမှလှုပ်မရတော့ဘူး၊ အဖြစ်အပျက်တွေမြန်လွန်းတော့ ဘာဖြစ်သွားမှန်းကို မသိလိုက်
ဘူးဗျာ…”

----------------
ဆက်ရန်

သွေးကြွေး(၆)


 ဟယ်လီကော်ပတာကအရှိန်လျှော့ပြီးလေထဲမှာရပ်လိုက်တော့ စက်သံကပြောင်းသွားပါတယ်။ ကြိုးဆွဲ (Fast-roping) ဆင်းဖို့သတ်မှတ်ထားတဲ့နေရာပေါ်ရောက်သွားတာနဲ့ ကျနော်ကအဆင်းကြိုးကိုအောက်ပစ်ချရမှာပါ။။ ရုတ်တရက်လိုပဲ ဟယ်လီကော်ပတာက လူးလာတယ်။ ပိုင်းလော့တွေပျာနေတာတော့ သိသိသာသာပဲ။ သူတို့ကြည့်ရတာ သူတို့ခိုင်းတာလုပ်အောင်လို့ ဟယ်လီကော်ပတာကို နပမ်းသတ်နေကြတဲ့အတိုင်းပဲဗျာ။ ကျနော်လည်းအောက်ကိုကြည့်နေရာက ဟယ်လီကော်ပတာအဖွဲ့ခေါင်းဆောင်ကိုတချက်လှမ်းကြည့် လိုက်ပါတယ်။ ဟယ်လီကော်ပတာကသတ်မှတ်နေရာရောက်ပြီး သူအချက်ပြတာနဲ့ ကျနော်ကြိုးပစ်ချလိုက်နိုင်အောင်လို့ပါ။
“Go, Go, Go”
ကျနော့်ညာဘက်နားကြပ်ကနေ အသံတွေကြားလိုက်ရတယ်။ ကျနော်တို့အစမ်းလေ့ကျင့်မှုတွေလုပ်တုန်းက ပိုင်းလော့တွေအနေနဲ့ လေထဲမှာတန့်နေတဲ့ Hover အနေအထား နဲ့ပတ်သက်ပြီး တခါမှအမှားအယွင်း မရှိခဲ့ကြပါဘူး။ အင်း… တခုခုတော့လွဲနေပြီ။ ကျနော်တို့အားလုံးလည်း အောက်ကိုဆင်းချင်နေကြတာ တပိုင်းကိုသေနေကြပြီဗျာ။
“ ပစ်မှတ်ကို ကျနော်တို့သွားနေကြပြီ…” ဆိုတာကို ချေမှူန်းရေးကွန်ယက်ကနေ ကျနော်ကြားလိုက်ပါတယ်
သေပြီဆရာ… မြေပေါ်တောင်ခြေမချရသေးဘူး… Plan A ကနေ Plan B ကိုပြောင်းနေရပြီ။ ရုတ်တရက်လိုပဲ… ဟယ်လီကော်ပတာက ညာဘက်ကို (၉၀) ဒီဂရီလောက် ဝေါကနဲချိုးချသွားတယ်။ ကျနော့်ဗိုက်ထဲမှာတော့ ရိုလာကိုစတာစီးနေရတဲ့အတိုင်းပဲဗျာ။ ရိုတာဒလက်တွေက တဝေါဝေါနဲ့ အသံတွေထွက်လာပြီး Black Hawk လည်းလေထဲကို အကြိတ်အနယ်ကို ပြန်ရုန်းတက်နေပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ဟယ်လီကော်ပတာက မြေပြင်နဲ့နီးလာတယ်ဗျို့။ ကျနော်တို့ဆင်းမယ့်ခြံနဲ့ ခပ်မြန်မြန်ကပ်လာတာကို တံခါးပွင့်နေတဲ့ ကျနော့်ဘက်အခြမ်းကနေ အတိုင်းသားတွေ့နေရတယ်။
အဲဒီမှာ ဝေါ့လ်ထ် လက်တဖက်က ကျနော့်ချပ်ဝတ်ကိုလှမ်းဆွဲပြီး ကျနော့်ကိုအတွင်းဘက်ဆွဲသွင်းလိုက်တယ်။ ကျန်တဲ့သူ့လက်တဖက်က ထပ်ထွက်လာပြီး ကျနော့်ဘေးကစနိုက်ပါကိုထပ်ဆွဲတယ်။ ကျနော်လည်း ရှိသမျှအားကုန်သုံးပြီး အနောက်ဘက်ကို နောက်ပြန်တိုးဝင်လိုက်တယ်။ လေထဲရောက်နေတဲ့ ကျနော့်ခြေထောက်တွေကို အထဲပြန်သွင်းဖို့ကျနော် ကြိုးစားပါတယ်။ ခြေထောက်တွေကအပြင်ထွက်နေတော့ ဟယ်လီကော်ပတာနဲ့ မြေကြီးနဲ့ဆောင့်တဲ့အခါ ကျနော့်ခြေထောက်တွေညပ်ရင်ညပ်၊ မညပ်ရင်ပြတ်ထွက်သွားမယ်ဆိုတာ ကျနော်သိနေပါတယ်။
အောက်နဲ့နီးလာလေလေ ကျနော်ညစ်လာလေလေပဲဗျာ။ ဒီအချိန်ကိုရောက်လာဖို့ ချေမှူန်းရေးတပ်ဖွဲ့ဝင်တိုင်းက သူတို့စစ်သက်တလျှောက်မှာ အများကြီးရင်းခဲ့ရတာ။ အခုစစ်ဆင်ရေးမှာပါဖို့ အရွေးခံရတော့ ကျနော်တို့တတွေကိုယ့်လောက်ကံကောင်းတဲ့သူ ဘယ်သူမှမရှိတော့ဘူးလို့ ခံစားခဲ့ကြရတာပါ။ အခုတော့ကိုယ်တွေလောက်ကံဆိုးတဲ့လူမရှိတော့ဘူး။ အားလုံးအချည်းနှီးနဲ့သေကြရတော့မယ်ဗျာ။

“Fuck, Fuck, Fuck…”
ဒီတခါတော့သေပြီလို့ အတွေးတချက်က၀င်လာပါတယ်။
-----------------------------------------
ဆက်ရန်

သွေးကြွေး(၅)


ခဏလည်းနေရော ကျနော်လည်းခေါင်းစိုက်ပြီးအိပ်ပျော်သွားပါလေရောဗျာ။ ပါကစ္စတန်နိုင်ငံ၊ အဘော်တဘတ် (Abbottabad) မြို့နဲ့လဲနီးလာရော ပါကစ္စတန်စစ်တပ်ရဲ့ Checkpoint တွေရှိတဲ့နေရာတွေနားကဖြတ်လာတိုင်း သတ်မှတ်အချက်ပေးဆက်သွယ်ပြောဆိုမှု (Pro Word) တွေကိုကြားနေရပါတယ်။ တချက်နိုးလာလိုက် တခါပြန်အိပ်ပျော်သွားလိုက်ပါပဲ။
“10 minutes out!”
ကျနော်လည်းခဏမှေးနေရာက ဆတ်ကနဲ့လန့်နိုးသွားတယ်။ မျက်လုံးတွေကိုပွတ်သပ်ပြီး ခြေချောင်းလေးတွေကို သွေးပြန်လျှောက်အောင် ရသလောက်နည်းနည်းလေးကစားပေးလိုက်တယ်။ ၁၀ မိနစ်အလို အချက်ပေးတာကမြန်လိုက်တာလို့ ထင်လိုက်ရတော့ ကြည့်ရတာ ကျနော်လည်း ထင်ထားတာထက်ပိုပြီး အိပ်မောကျသွားပုံပါပဲ။
“6 minutes!”
စိတ်ထဲမှာသရိုးသရီဖြစ်နေတာတွေလည်းအကုန်ပျောက်ကုန်တယ်။ အင်း… ဒီညကတော့ လုပ်စရာရှိတာလုပ်ရတဲ့ နောက်ထပ်ညတညပါပဲ။ ပေါင်ပေါ်တင်ပြီး ပိုက်ထားတဲ့ဦးထုပ်ကို ခေါင်းမှာစွပ်လိုက်ပြီး မေးသိုင်းကြိုးကိုနေရာတကျတပ်လိုက်ပါတယ်။ ခေါင်းပေါ်လှန်တင်ထားတဲ့ ညကြည့်မှန်ပြောင်းကို ဆွဲချလိုက်ပြီး မြင်ကွင်းအားလုံးကိုချိန်သားကိုက်အောင်ညှိလိုက်ပါတယ်။ ကြိုးနဲ့ဆင်းတဲ့အခါ မချိတ်မိအောင် သေနတ်ကိုရင်ဘတ်မှာကပ်နေအောင်ဆွဲကပ်ထားလိုက်တယ်။ ပြီးတာနဲ့ သေနတ်ရဲ့ Safe ကို နောက်ဆုံးတကြိမ်ထပ်စစ်ကြည့်လိုက်တယ်။ ဟယ်လီကော်ပတာထဲမှာတော့ မှောင်မဲနေတုန်းပဲ။ ဒါပေမယ့် လူတိုင်းလူတိုင်း ကိုယ့်လက်နက်ပစ္စည်းကိရိယာတွေကို ပြန်စစ်နေကြတာ ကျနော်သိတယ်။
“1 minute!”
ဟယ်လီကော်ပတာအဖွဲ့ခေါင်းဆောင်က တံခါးကိုဆွဲဖွင့်လိုက်ပါတယ်။ ကျနော်လည်း ခိုဆင်းရမယ့်ကြိုးကိုချိတ်ထားတဲ့ FRIES Bar (Fast Rope Insertion/Extraction System) ကို အပြင်ဘက်ကို တွန်းထုတ်လိုက်ပါတယ်။ အဲလိုမှလွတ်လွတ်ကင်းကင်းနဲ့ဆင်းလို့ရမှာ။ အဲဒီဘားတံကိုအောက်ခြေမှာစို့တခုနဲ့ချုပ်ထားတာ။ အဲဒီစို့နေရာတကျရှိမရှိ ဘားတံတလျှောက်ကို လက်နဲ့ပွတ်သပ်ပြီး ကျနော်စစ်လိုက်ပါတယ်။ ဟယ်လီကော်ပတာအဖွဲ့ခေါင်းဆောင်ကလည်း စစ်ပြီးသားပါ။ ပြီးတာနဲ့ သေချာအောင်လို့ ကြိုးကိုခပ်ပြင်းပြင်းတချက်ဆောင့်ဆွဲကြည့်လိုက်ပါတယ်။ အိုကေတယ်။
ဟယ်လီကော်ပတာအပြင်ဘက်ကို ကျနော်ခြေထောက်အရင်ထုတ်လိုက်ပါတယ်။ အပြင်မှာတော့ လေကတဖြူးဖြူးတိုက်နေတာပေါ့လေ။ ကျနော်ကြိုးကိုဆွဲယူလိုက်တယ်။ ကြိုးကို တချက်ခိုပြီး အပြင်ဘက်ကိုနည်းနည်းပြူထွက်လိုက်ပြီး အရှေ့ကိုကျော်ကြည့်လိုက်တယ်။ ကျနော်တို့ကျော်လာတဲ့ အိမ်တော်တော်များများရဲ့ အုတ်တံတိုင်းတွေအနောက်မှာ မီးလင်းနေတဲ့ ရေကူးကန်တွေနဲ့ အလှစိုက်ပန်းခြံတွေရှိကြပါတယ်။ ကျနော်က အာဖဂန်နစ္စတန်မှာ ရွှံ့နဲ့ဆောက်ထားတဲ့ တဲအိမ်လေးတွေကိုတွေ့နေကျပါ။ အဘော်တဘတ်မြို့ကို ဟယ်လီကော်ပတာပေါ်ကနေကြည့်ရင်းနဲ့ စိတ်ထဲမှာ အမေရိကားရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို အလိုလိုသတိရလာမိပါတယ်။
ကြိုးကိုခိုပြီးတံခါးအပြင်ဘက်ကိုနည်းနည်းထွက်လိုက်ပါတော့ ကျနော်တို့ဆင်းရမယ့်ခြံကိုဖျတ်ကနဲ တချက်လှမ်းတွေ့လိုက်ရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံထဲက ဂျလာလာဘတ်မြို့ကနေ ဒီနေရာကိုရောက်ဖို့ မိနစ် (၉၀) လောက်ကြာတော့ ဒီညသန်းခေါင်မတိုင်မီ ကျနော်တို့ ဂျလာလာဘတ်ကိုပြန်ရောက်ပါလိမ့်မယ်။ အောက်ကခြံမှာတော့ မှောင်နဲ့မည်းမည်းပဲ။ ဘေးပတ်ဝန်းကအိမ်တွေမှာလည်း မီးလင်းနေတဲ့ အိမ်တအိမ်မှမရှိပါဘူး။ ကြည့်ရတာ ရပ်ကွက်တခုလုံးမီးပြတ်နေတဲ့ အတိုင်းပဲ။ ဒီနယ်မြေမှာ မီးခဏခဏပြတ်လေ့ရှိပါတယ်။
----------------------------------------------------
ဆက်ရန်

သွေးကြွေး(၄)


တအောင့်လောက်နေတော့ ကျနော်တို့ကိုစောင့်နေတဲ့ Black Hawk တွေထားတဲ့ Hangar (လေယာဉ်ရုံ) တွေဘက်ကနေ မီးမောင်းကြီးတွေလင်းလာတာကို ကားပေါ်ကနေ တွေ့လိုက်ရပါတယ်။ ကြယ်တွေလင်းထိန် တောက်ပနေသလိုပါပဲ၊ မီးအလင်းရောင်ကိုဖြတ်ပြီး ဘာမှအထဲကိုမမြင်ရဘူး။ ကျနော်တို့ကားပေါ်ကနေ ဆင်းကြတော့ မလှမ်းမကမ်းမှာလည်နေတဲ့ မီးစက်တလုံးရဲ့အသံကို ကြားနေရပါတယ်။ ကျနော်တို့လည်း Hangar ကိုပတ်ပြီးကာထားတဲ့ စည်းရိုးရဲ့အနောက်ဖက်ကို လျှောက်သွားကြပါတယ်။
Hangar မှာတော့ ဟယ်လီကော်ပတာတွေရဲ့အဖွဲ့သားတွေက သူတို့ဟယ်လီကော်ပတာတွေကို နောက်ဆုံးအကြိမ်စစ်ဆေးမှုတွေလုပ်နေကြပါတယ်။ ရိုတာဒလက်လည်သံတွေက စူးရှကျယ်လောင်လွန်းတော့ စကားတောင်ပြောလို့မရကြပါဘူး။ ကျနော်လည်း စည်းရိုးနားကို အသာလေးလစ်ထွက်လာပြီး နောက်ဆုံးအကြိမ်အနေနဲ့ အပေါ့သွားလိုက်ပါတယ်။
ဟယ်လီကော်ပတာတွေလည်း အဆင်သင့်ဖြစ်ကြတော့ Hangar ဂိတ်တံခါးကိုတွန်းဖွင့်လိုက်ကြပြီး ရေဒါမမိအောင်အကြီးစားပြင်ဆင်မှုတွေလုပ်ထားတဲ့ Stealth Black Hawk တွေကို ဆွဲထုတ်လာတာ တွေ့လိုက်ရပါတယ်။ ကျနော်လည်း Chalk Two (Black Hawk 2) ကမောင်တွေကို လက်ခလယ် တချောင်းထောင်ပြီး ပြုံးပြလိုက်ပါတယ်။ ပြီးတော့ ကျနော်တို့တွေဘာစကားမှမဆိုကြပဲ ခပ်မဆိတ်နဲ့ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြပါတယ်။ စကားသံတွေအားလုံး ရိုတာသံအောက်မှာ ပျောက်ကုန်ပါတယ်။ ဒါပေမယ့် လက်ဟန်ခြေဟန်ပြတာတွေအားလုံးကတော့ အဓိပ္ပာယ်တခုတည်းပါ။
“ မြေပေါ်မှာဆုံကြမယ်…”
ဘာမှထပ်ပြောစရာကိုမရှိကြတော့တာ… ဟယ်လီကော်ပတာတွေရဲ့ ဘေးတဖက်တချက်စီမှာ ကျနော်တို့တွေစုလိုက်ကြပါတယ်။ နာရီတချက်ကြည့်လိုက်တော့ ဆယ်မိနစ်လိုပါသေးတယ်။ လမ်းပေါ်မှာလွတ်နေတဲ့တနေရာမှာ ကျနော်ခဏထိုးလှဲလိုက်ပါတယ်။ ဦးထုပ်ပေါ်ခေါင်းတင်ပြီး ကြယ်တွေကိုရေကြည့်လိုက်တယ်။ တဒင်္ဂတော့ စိတ်အနားရသွားတာပေါ့ဗျာ။ အချိန်ကျလာတော့ ဟယ်လီကော်ပတာ အဖွဲ့ခေါင်းဆောင်က တက်ဖို့အချက်ပြလာပါတယ်။ ဟယ်လီကော်ပတာပေါ်ကနေ ကြိုးနဲ့ဆင်းရင် အရင်ဆုံးစဆင်းရမှာက ကျနော်ဆိုတော့ အခုအတက်မှာ ကျနော်ကနောက်ဆုံးမှတက်ရမှာပါ။
အားလုံးတက်ပြီးသွားကြတော့ ဝေါ့လ်ထ်ထိုင်နေတဲ့နေရာနဲ့ ကျနော်တို့အဆင်းကျရင် ကာပေးမယ့် စနိုက်ပါထိုင်နေတဲ့အနားက တံခါးဘေးကပ်လျက်မှာ နေရာလေးတနေရာလွတ်နေပါသေးတယ်။ ကျဉ်းကျဉ်းကျုတ်ကျုတ်နဲ့ပဲတိုးပြီး ၀င်ထိုင်လိုက်ပါတယ်။ အခုလိုလူတွေစုပြုံပြီး ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ထိုင်ရတဲ့အချိန်ကျရင် အရေးအကြီးဆုံးအချက်က ကိုယ့်သေနတ်ကနေ မတော်တဆနဲ့ကျည်မထွက်ဖို့ပါ။ ကျနော့်ညကြည့်ကိရိယာကို မထိခိုက်အောင်လို့ ဦးထုပ်ကိုချွတ်၊ ပေါင်ပေါ်တင်ပြီး ပိုက်ကိုင်ထားလိုက်ပါတယ်။ ဦးထုပ်ကိုလှန်လိုက်ရင် ညကြည့်ကိရိယာကိုကြည့်ရတာ ပြောင်းတွေကဂျိုတွေကျနေတာပဲဗျာ။
တံခါးတွေလည်းပိတ်ပြီး အရှိန်လည်းရလာရော H-Hour ကွက်တိမှာ ဟယ်လီကော်ပတာက လေထဲကို စတက်ပါတော့တယ်။ ကျနော်တို့စီးတဲ့ Black Hawk မောင်းတဲ့ပိုင်းလော့တွေက Nightstalkers လို့ခေါ်ကြတဲ့ အမှတ် (၁၆၀) ကြည်းတပ်အထူးစစ်ဆင်ရေး လေကြောင်းတပ်ရင်းကြီး (160th Special Operations Aviation Regiment) ရဲ့ အထူးစစ်ဆင်ရေးပိုင်းလော့တွေပါ။ အမေရိကန်တပ်မတော်တရပ်လုံးမှ အထူးစစ်ဆင်ရေးတပ်ဖွဲ့များအားလုံးကို JSOC ရဲ့ကွပ်ကဲအောက်မှာစုစည်းထားရှိပြီး အဲဒီအထူးတပ်ဖွဲ့များ အားလုံးရဲ့ အထူးစစ်ဆင်ရေးပျံသန်းမှုအားလုံးကို Nightstalker များမှ တာဝန်ယူကြပါတယ်။
အထူးစစ်ဆင်ရေးပျံသန်းမှုတွေက အန္တရာယ်ကြီးမားလှပြီး ခက်ခဲတာနဲ့အမျှ ကျွမ်းကျင်မှုနဲ့ တိကျမှုရှိဖို့ လိုအပ်လှပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ အဓိကလှုပ်ရှားကြတာက ညဘက်တွေဖြစ်တော့ ညကြည့်ကိရိယာများနှင့်ပျံသန်းမှုတွင် ကျွမ်းကျင်မှုပြည့်ဝသော Nightstalker များကသာ မောင်းနှင်ပျံသန်းကြပါတယ်။ Nightstalker များအနေနဲ့ အထူးစစ်ဆင်ရေးများအတွက် လေကြောင်းပို့ဆောင်ရေးနဲ့ လေကြောင်းတိုက်ခိုက်ရေးတာဝန်များကို လုပ်ဆောင်နိုင်ကြပါတယ်။
အရှိန်ရလာတာနဲ့အမျှ ဟယ်လီကော်ပတာခေါင်းက ရှေ့ကိုငိုက်နေတာကို ကျနော်သိနေပါတယ်။ လေယာဉ်ကွင်းကိုလည်းကျော်လာရော Black Hawk ကညာဘက်ကိုယိမ်းပြီး နယ်ခြားဘက်ကို လှည့်ပျံပါတော့တယ်။ လူအပြည့်အသိပ်နဲ့ ဟယ်လီကော်ပတာပေါ်မှာလည်း မှောင်မှောင်မဲမဲနဲ့ပါ။ ဘေးမှာထိုင်နေတဲ့ဝေါ့လ်ကလှုပ်လိုက်တာနဲ့ သူရဲ့ဒူးကကျနော့်ကျောကို လာလာဆောင့်ပါတော့တယ်။ ကျနော့်နားမှာတပ်ထားတဲ့ နားကြပ်ကဘာသံမှာမထွက်သေးပဲ တိတ်ဆိတ်နေပါတယ်။ Black Hawk စက်ခန်းက ထိန်းချုပ်ရေးကိရိယာတွေကနေ အလင်းရောင် မှိန်မှိန်လေး ထွက်နေတာကိုတော့ တွေ့နေရပါတယ်။ ဘေးတံခါးကပြတင်းပေါက်တွေရဲ့ အပြင်ဘက်မှာတော့ ဘာမှမတွေ့ရပဲ ပိန်းပိတ်အောင် မဲမှောင်နေပါတယ်။
ကျနော်တို့စထွက်ပြီး (၁၅) မိနစ်လောက်နေတော့ ချေမှူန်းရေးတပ်ဖွဲ့ကွန်ယက်မှာ ပထမဆုံးဆက်သွယ်မှုကိုစကြားရပါတယ်။
“နယ်ခြားကိုဖြတ်နေပြီ…”
အင်း ဒါအိပ်မက်မဟုတ်ဘူး တကယ်သွားနေတာ… လို့ ကျနော်တွေးမိလိုက်ပါသေးတယ်။
--------------------------
ဆက်ရန်

သွေးကြွေး(၃)


နောက်ဆုံးစစ်ဆင်ရေးထွက်ခါနီးတနာရီအလိုလောက်ကျတော့ အသေးငယ်ဆုံးကိစ္စလေးတွေကို ကျနော်ပြန်ပြီးစဉ်းစားချင့်ချိန်ပါတယ်။ ရာနှူန်းပြည့်အမှားအယွင်းမရှိဖို့လိုအပ်ပါတယ်။ ဖိနပ်ကြိုးကို နှစ်ခေါက်ထပ်ချည်ပြီးရှေ့ဘက်အနားစနဲ့ ခြေသလုံးကြားထဲကိုထိုးထည့်လိုက်တယ်။
အခန်းအလယ်မှာချထားတဲ့ ပေါင် (၆၀) လေးတဲ့ ကျနော့်ရဲ့ကျည်ကာချပ်ဝတ်ကိုဆွဲမလိုက်ပြီး ခေါင်းပေါ်ကနေစွပ်ချလိုက်ပါတယ်။ ကြိုးပြားတွေဆွဲတင်းလိုက်ပြီး နေရာတကျဖြစ်အောင် ပြုပြင်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုကျည်ကာပြားတွေနဲ့ကာထားလိုက်တဲ့သဘောပေါ့။ ကျနော့်ကိုယ်ပေါ်မှာရှိတဲ့ ပစ္စည်းကိရိယာတွေအားလုံးကိုယူဖို့လက်လှမ်းမှီအောင် သေချာပြင်ဆင်လိုက်တာ ဘာမှတောင် သိပ်မကြာလိုက်ပါဘူး။ ခေါင်းပေါ်ကျော်ပြီး သံဖြတ်ညှပ်တွေယူလို့ရတယ်။ ဗယ်ပခုံးပေါ်က ဖောက်ခွဲရေးကိရိယာကို တချက်ထိကြည့်လိုက်တယ်။ အိုကေ…
ဆက်သွယ်ရေးစက်အဲန်တဲန်နာတွေနဲ့ ကျနော့်ပါးရိုးနေရာက နားကြပ် (Bone Phones) တွေနဲ့ ဆက်လိုက်တယ်။ အဲဒီနားကြပ်တွေကနေ ဦးခေါင်းတွင်းအရိုးများမှတဆင့်တုန်ခါမှုဖြင့်ဦးနှောက်သို့ အသံလှိုင်းပို့နည်းပညာ (Bone Conduction Technology) နဲ့ ဆက်သွယ်ရေး အချက်အလက်မှန်သမျှကို ဖမ်းယူပို့ပေးပါလိမ့်မယ်။ နားကျပ်အသေးလေး (Earbud) တွေထည့်ပြီးတော့လည်း ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကိုကွင်းပြီး နားထဲကို ဆက်သွယ်ရေးအချက်အလက်တွေ တိုက်ရိုက်ဝင်လာအောင် လုပ်ရင်လည်းရပါတယ်။
ညာဘက်နားကနေတိုက်ပွဲဝင်နေကြတဲ့ကျနော့်အဖွဲ့သားအားလုံးရဲ့ ဆက်သွယ်ပြောဆိုမှုတွေအားလုံးကို ကြားရမှာဖြစ်ပြီး၊ ဗယ်ဘက်နားကတော့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်ကနေ ဆက်သွယ်ပြောဆိုမှုတွေကို ကြားရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ တခြားအဖွဲ့ကခေါင်းဆောင်တွေကိုရော၊ ကွပ်ကဲမှုဋ္ဌာနချုပ်နဲ့ပါ ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပါတယ်။
ချေမှူန်းရေးအဖွဲ့ခေါင်းဆောင်အနေနဲ့ ကျနော့်အတွက် သီးခြားဖြစ်နေတဲ့ ဆက်သွယ်ရေးကွန်ယက်နှစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် ဒီစစ်ဆင်ရေးအတွက် တကယ့်တကယ်လက်တွေ့မှာတော့ ကွပ်ကဲမှုဋ္ဌာနချုပ်ရဲ့ ဆက်သွယ်ရေးကွန်ယက်မှာတော့ ဆက်သွယ်မှုတွေသိပ်များများစားစားရှိမှာမဟုတ်ဘူး။ အဓိကဆက်သွယ်မှုအများစုက ချေမှူန်းရေးတပ်ဖွဲ့ဝင်တွေရဲ့ဆက်သွယ်ရေးကွန်ယက်ပေါ်မှာပဲ ရှိလာပါလိမ့်မယ်။
အစစအရာရာတော့ စစ်ပြီးပြီ။ စစ်ဆင်ရေးတာဝန်အတွက်ပြင်ဆင်မှုတွေအားလုံးပြီးစီးသွားပါပြီ။ နောက်ဆုံးအနေနဲ့ တခုခုမေ့ကျန်နေတာမျိုးမဖြစ်အောင် အခန်းထဲကိုတချက်ဝေ့ကြည့်လိုက်တယ်။ ဘာမှမကျန်တာသေချာတာနဲ့ တံခါးဝကိုလှည့်ထွက်လာခဲ့ပါတော့တယ်။
နေလုံးကတော့ဝင်နေပါပြီ။ ဘေးကအခန်းတွေမှာလည်းပြင်ဆင်နေကြတဲ့အသံတွေကြားနေရပါတယ်။ စကားပြောနေသံမကြားရပေမယ့် ပစ္စည်းကိရိယာတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ အိတ်တွေကို စစ်ဆေးပြင်ဆင်နေကြတဲ့ လှုပ်ရှားနေတဲ့အသံတွေကြားနေရတယ်။ အဆောင်အ၀င်တံခါးကို ပိတ်လိုက်ဖွင့်လိုက်နဲ့ ၀င်ထွက်နေသံတွေကိုလည်း တဒုန်းဒုန်းနဲ့ကြားနေရတယ်။
ဒီလူတွေအားလုံးက ခဏနေရင် ဟယ်လီကော်ပတာပေါ်မှာဆုံကြတော့မှာ။ လျှောက်လာရင်း ကျနော်သွားနေတဲ့နေရာနဲ့နီးလာတော့ စပီကာတချို့ကနေ သတ္တုပစ္စည်းတွေထိမိခတ်မိတဲ့အသံ တွေကြားလာရပါတော့တယ်။ ကျနော့်အဖွဲ့သားတွေနဲ့ဆုံမိပြီး အနားမှာအဆင်ပြေတဲ့နေရာတခုကို ရှာလိုက်ပြီး (ထိုစဉ်) ပူးတွဲ/အထူးစစ်ဆင်ရေးဋ္ဌာနချုပ် (JSOC) ရဲ့ ဋ္ဌာနချုပ်မှူး - (ရေတပ်) ဒုတိယဗိုလ်ချုပ်ကြီးဝီလီယမ်မက်ရေဗဲန် (ယခုဗိုလ်ချုပ်ကြီး၊ အမေရိကန်အထူးစစ်ဆင်ရေးဋ္ဌာနချုပ် SOCOM ၏ ဋ္ဌာနချုပ်မှူး) ရောက်အလာကိုစောင့်နေလိုက်ကြပါတယ်။ စစ်ဆင်ရေးမစခင်မှာ ကျနော်တို့နဲ့ခဏ စကားပြောချင်တယ်လို့ သူကကြိုပြီးမေတ္တာရပ်ခံထားပါတယ်။
အဆင်သင့်ပဲလား… လို့ ကျနော့်အဖွဲ့သား ၀ီလ် (Will) ကိုကျနော်လှမ်းမေးလိုက်တော့ သူကခေါင်းငြိမ့်ပြတယ်။ တချက်ဝေ့ကြည့်လိုက်တော့ ဝေါ့လ်ထ် (Walt) ၊ချာလီ (Charlie) တို့ကိုတွေ့လိုက်ရပြီး တခြားအဖွဲ့တွေက အဖွဲ့သားတွေကိုလည်းသူတို့အဖွဲ့တွေအလိုက်စုပြီး စောင့်နေကြတာတွေ့ရပါတယ်။ လွန်ခဲ့တဲ့နာရီအနည်းငယ်ကမှ ကျနော်တို့တွေ လတ်လျားလတ်လျားနဲ့ ရုပ်ရှင်ရိုက်ရင်ဘယ်သူပါမလဲလို့ ဟာသတွေလုပ်နေကြသေးတယ်။ အခုတော့ အားလုံးကရုပ်တည်တွေနဲ့ချည်းဖြစ်နေကြပါတယ်။
ခဏနေတော့ ခပ်ဆိတ်ဆိတ်နဲ့ပဲ ဒုတိယဗိုလ်ချုပ်ကြီးမက်ရေဗဲန် ရောက်ချလာပါတယ်။ ကျနော်တို့ဘက် သူလျှောက်လာတော့ ကျနော်တို့လည်း အားလုံးဝိုင်းစုလိုက်ကြပါတယ်။ သူကတော့ သူအားသန်တဲ့ မဟာဗျူဟာအဆင့်ကိုပြောတာပါ။ ခက်တာက သူပွားနေတာတွေကို တလုံးမှစိတ်ဝင်စားလို့မရပဲ စိတ်ကခဏနေရင် လုပ်ရတော့မယ့်ကိစ္စမှာပဲ အာရုံရောက်နေတယ်။ သူလည်းပွားပြီးလို့ထွက်သွားတော့ ကျနော်တို့အားလုံးအပြင်ထွက်ကြဖို့ အချင်းချင်းတဆင့်တဆင့်နဲ့ ပြောလိုက်တာကိုကြားလိုက်ရပါတယ်။
“ Black Hawk နဲ့လိုက်မယ့်သူတွေအားလုံး ဘတ်စ် (၁) နဲ့ (၂) ပေါ်ကိုတက်၊ MH-47 သမားတွေက ဘတ်စ် (၃) နဲ့ (၄) ပေါ်တက်…”
မြေပြင်ဝန်ထမ်းတပ်ဖွဲ့ဝင်တယောက်က လှမ်းအော်လိုက်ပါတယ်။ ဘတ်စ်ကားတွေက စက်နှိုးပြီး တန်းစီရပ်စောင့်နေကြပါတယ်။ ဘတ်စ်ကားပေါ်ရောက်တော့ ကားရဲ့အလယ်မကျတကျလောက်က ခုံတန်းတခုမှာဝင်ထိုင်လိုက်ပါတယ်။ ကျနော့်ဘေးကခုံတန်းမှာတော့ ၀ီလ် က၀င်ထိုင်ပါတယ်။ ဘတ်စ်ကားတွေက ဟောင်းပြီးဖုန်တွေတက်နေပါပြီ။ လေယာဉ်ကွင်းသွားမယ့် တိုက်ခိုက်ရေးဝတ်စုံပြည့်နဲ့ ချေမှူန်းရေးတပ်ဖွဲ့ဝင်တွေလိုက်ပို့ခဲ့တဲ့နှစ်တွေက တော်တော်ကြာနေပြီဆိုတော့ ဗင်နိုင်းသားရေတု ထိုင်ခုံတွေတောင် တော်တော့ကိုနွမ်းစုတ်နေပါပြီ။
ဘတ်စ်ကားကလည်း အသံသာထွက်နေတာ သိပ်မြန်မြန်မမောင်းနိုင်ပါဘူး။ ကားက ၀န်အလေးတွေ တင်ရလွန်းတော့ Shock Absorber တွေကညောင်းပြီးအလုပ်မလုပ်ကြတော့ ကားကမြင်းလို ခုန်နေပါတော့တယ်။ စီးရတာမိနစ်ပိုင်းပေမယ့် စိတ်ထဲမှာတော့ တော်တော့်ကိုကြာတယ် ထင်ရတယ်ဗျာ။
-------------------------------
ဆက်ရန်

သွေးကြွေး(၂)


ကျနော့်နေရာပြန်ရောက်တော့အခန်းတွေအားလုံးမှာ တိတ်ဆိတ်နေတုန်းပဲ။ ကျနော့်အဖွဲ့သားတချို့က နောက်ဆုံးတမိနစ်ထိရအောင်အိပ်နေကြတယ်လေ။ ကျနော်လည်းအိပ်ဆေးအရှိန်နဲ့နည်းနည်းငိုက်နေတုန်းပဲ။ အပေါ့စွန့်ထားတဲ့ဗူးကို မယူမိအောင်သတိထားပြီး သွားပွတ်တံနဲ့ ရေဗူးတဗူးကိုလှမ်းယူလိုက်ပါတယ်။ ပြီးတော့ အဆောင်ဘေးက ကျောက်စရစ်တွေခင်းထားတဲ့နေရာဘက်လျှောက်သွားလိုက်ပြီး ပလုပ်ကျင်း သွားတိုက်ပေါ့။ ဘရိတ်ဖတ်စ်လည်းဆွဲပြီးပြီ… သွားလည်းတိုက်ပြီးပြီ… အခန်းထဲပြန်ရောက်တော့ သွားပွတ်တံကိုကျောပိုးအိတ်ထဲပြန်ထည့်လိုက်ပါတယ်။
ကျနော့် Crye Precision အညိုဖျော့ရောင်ဝတ်စုံကိုထုတ်လိုက်ပါတယ်။ အင်္ကျီလက်ရှည်နဲ့ အိတ်တွေပါတဲ့ ဘောင်းဘီအပွပါ။ စုစုပေါင်း အိတ် (၁၀) ခုပါပါတယ်။ အိတ်တခုစီက သတ်မှတ်ပစ္စည်းတခုအတွက်ပါ။ အင်္ကျီက ကျည်ကာအင်္ကျီအောက်ကခံဝတ်ဖို့ ထုတ်ထားတဲ့ဒီဇိုင်းပါ။ အင်္ကျီလက်တွေနဲ့ ပခုံးနေရာတွေက ပုံဖျက်အညိုရောင်၊ ကိုယ်နေရာကတော့ ချွေးစုပ်တဲ့ပေါ့ပေါ့ပါးပါးအသား ခပ်ဖျော့ဖျော့သဲညိုရောင်ပါ။ ကျနော်တော့ ပူလွန်းလို့ အင်္ကျီလက်အရှည်ကို အတိုညှပ်လိုက်ရတယ်။
အိပ်ယာပေါ်ထိုင်ချပြီးအ၀တ်အစားတွေလဲဝတ်လိုက်တယ်။ ဘောင်းဘီဝတ်တာအစ ကျနော်လုပ်တဲ့ ကိစ္စတွေအားလုံးက အဆင်ပြေသလိုလုပ်လိုက်တာတော့တခုမှမရှိပါဘူး။ တဆင့်ချင်းစီကို အကွက်ချထားပြီးတဲ့အတိုင်းလုပ်သွားတာပါ။ အဲဒီအခါကျတော့ မေ့တာပြုတာမျိုး မဖြစ်တော့ဘူးလေ။ စစ်ဆင်ရေးတာဝန်တွေနဲ့ထွက်ခါနီးတိုင်းမှာ ခုတိုင်းပဲကျနော်လုပ်လေ့ရှိပါတယ်။ ဘောင်းဘီမစွပ်ခင်လေး ယူနီဖေါင်းတခုလုံးက အိတ်တွေတခုချင်းစီကို သေချာပြန်စစ် လိုက်ပါသေးတယ်။
အိတ်တခုမှာတိုက်ခိုက်ရေးလက်အိတ်တွေနဲ့ ကြိုးကိုင်လက်အိတ်တွေ၊ နောက်အိတ်တလုံးမှာတော့ အရွယ်စုံဓါတ်ခဲအပိုတွေ၊ ခွန်အားဖြည့်ဂျယ်လီနဲ့ ချော့ကလက်နှစ်တောင့် ထည့်ထားပါတယ်။ ညာဘက်ခြေသလုံးကအိတ်မှာတော့အထူးပတ်တီးလိပ်နဲ့ ဗယ်ခြေသလုံးအိ တ်မှာတော့ ရာဘာလက်အိတ်တွေနဲ့ ရန်သူတွေဆီကသတင်းအချက်အလက်ရယူတဲ့နေရာမှာသုံးဖို့ ပစ္စည်းကိရိယာတွေထည့်ထားတဲ့အိတ် SSE Kit (Sensitive Site Exploitation Kit) ထည့်ထားပါတယ်။ ညာဘက်ပခုံးကအိတ်ထဲမှာတော့ အရေးကြုံလာရင်သုံးဖို့အတွက် ဒေါ်လာ (၂၀၀) ထည့်ထားတယ်။ ရန်သူ့နယ်မြေကနေပြေးရတယ်ဆိုရင် ငွေလိုတယ်လေ။ အမေရိကန်ဒေါ်လာပေးရင် မရတာရှားပါတယ်ဗျာ။
ကျနော့်ကင်မရာကတော့ ချိန်ပြီးတန်းရိုက်လို့ရတဲ့ Olympus အမျိုးအစားပါ။ ကင်မရာကိုတော့ ညာပခုံးပေါ်ကအိတ်ထဲမှာထည့်ထားလိုက်တယ်။ ကျနော့်ခါးပတ်မှာတော့ Daniel Winkler ဓါးမြှောင်ကို ချိတ်ထားပါတယ်။ အင်္ကျီစကိုဘောင်းဘီထဲထိုးသွင်းလိုက်ပြီး SSE Kit ကို တချက်ပြန်စစ်လိုက်ပါသေးတယ်။ ကျနော့်ကိုယ်လုံးရဲ့အရှေ့ဖက်ခြမ်းနဲ့ အနောက်ဖက်ခြမ်းက အထိအခိုက်မခံတဲ့ ကိုယ်တွင်းအင်္ဂါတွေရှိတဲ့ နေရာတွေမှာ သတ္တုစပ်ကျည်ကာပြား (Ceramic Armor) တွေနဲ့ကာထားပါတယ်။ ရှေ့တပြား နောက်တပြားပေါ့။ ရှေ့ကကျည်ကာပြားရဲ့ တဖက်တချက်စီမှာတော့ ဆက်သွယ်ရေးစက်တလုံးစီ ချိတ်ထားလိုက်တယ်။ အဲဒီစက်နှစ်လုံးရဲ့ကြားကနေရာမှာတော့ ကျနော့် H&K 416 ချေမှူန်းရေးရိုင်ဖယ်လ် သေနတ်အတွက် ကျည်ကပ် (၃) ကပ်နဲ့ ဘေ့စ်ဘောအရွယ် လက်ပစ်ဗုံးတလုံးကို အိတ်လေးတွေနဲ့စီပြီး ထည့်ထားပါတယ်။
ကျနော့် တိုက်ခိုက်ရေးချပ်ဝတ် (Combat Vest) ရဲ့အရှေ့ဘက်မှာ အနီအောက်ရောင်ခြည်သုံး (IR ChemLight) နဲ့ ရိုးရိုးဓါတုမီးချောင်းလေး (ChemLight) တချို့ကို ထိုးထည့်ထားပါသေးတယ်။ အနီအောက်ရောင်ခြည်သုံး ဓါတုမီးချောင်းလေးတွေက ကျနော်တို့ညကြည့်ကိရိယာ (NVG) တွေနဲ့ကြည့်မှ မြင်ရပါတယ်။ ကျနော်တို့အခန်းတွေရှင်းပြီးရင် ရှင်းပြီးသွားတဲ့အခန်းတွေနဲ့ နေရာတွေရှေ့မှာ အဲဒီဓါတုမီးချောင်းလေးတွေကိုချိုးပြီး ပစ်ချထားခဲ့ကြပါတယ်။ မီးချောင်းလေးတွေကိုသာမန်မျက်စိနဲ့ ဘယ်သူမှမမြင်ရပေမယ့် ကျနော့်အဖွဲ့သားတွေကတော့ သူတို့ဦးထုပ်တွေမှာတပ်ထားတဲ့ ညကြည့်ကိရိယာတွေကနေမြင်နိုင်ကြပါတော့ ဘယ်အခန်းတွေကရှင်းပြီးသားလဲဆိုတာကို သိနိုင်တာပေါ့။ အဲတော့ထပ်ရှင်းစရာမလိုတော့ဘူးပေါ့။
ကျနော့် သံဖြတ်ညှပ် (Bolt Cutters) ကိုတော့ကျောပေါ်ကအိတ်ရှည်လေးတခုထဲမှာ ထည့်ထားတယ်။ လက်ကိုင်နှစ်ခုကတော့ ပခုံးကိုနည်းနည်းလေးကျော်ပြီး မသိမသာတော့ ငေါထွက်နေတာပေါ့လေ။ ဆက်သွယ်ရေးစကားပြောစက်နှစ်လုံးအတွက် အဲန်တဲန်နာ ၂ ချောင်းကိုတော့ ချပ်ဝတ်အင်္ကျီမှာပဲ ချိတ်ထားလိုက်တယ်။ ကိရိယာတန်ဆာအိတ်ထဲမှာထည့်ထားတဲ့ သားရေကွင်းနဲ့ပတ်ထားတဲ့ ဖေါက်ခွဲရေးပစ္စည်းကိုအိတ်ရဲ့ရှေ့ဘက်မှာဆွဲထုတ်ပြီးထားလိုက်တယ်။ ပြီးတော့ ဦးထုပ်ကို ဆက်ပြင်ဆင်ပါတယ်။ ညကြည့်ကိရိယာတပ်ထားတဲ့ ကျနော့်ကျည်ကာဦးထုပ်က အလေးချိန် (၁၀) ပေါင်တော့မပြည့်ပါဘူး။ တရားဝင်သတ်မှတ်ချက်အရတော့ 9mm ကျည်မတိုးပါဘူး။ ဒါပေမယ့်လည်း အရင်ကတော့ 5.56mm ကျည်ပါခံနိုင်တာတွေ့ရပါတယ်။ ဦးထုပ်ဘေးဘက်မှာ ပါတဲ့မြောင်းလေးမှာ တပ်ရတဲ့ ဓါတ်မီးလေးကိုဖွင့်ကြည့်လိုက်ပါတယ်။ အဲဒီဓါတ်မီးလေးက Princeton Tec တံဆိပ်ဓါတ်မီးလေးပါ။ နောက်ဆုံးရှေ့တန်းထွက်ရတဲ့အခေါက်တုန်းကသုံးခဲ့တဲ့ ဓါတ်မီးလေးပေါ့။
ဦးထုပ်ကိုခေါင်းပေါ်စွပ်လိုက်ပြီးညကြည့်ကိရိယာကိုဆွဲချပြီး ကြည့်လိုက်ပါတယ်။ ကျနော်တို့ညကြည့်ကိရိယာ (NVG) တွေက သမရိုးကျတပ်တွေတချို့မှာသုံးတဲ့ ညကြည့်ကိရိယာတွေနဲ့မတူပါ။ ပုံမှန်အားဖြင့်မှန်ပြောင်း (၂) ခုပါပေမယ့် ကျနော်တို့ညကြည့်ကိရိယာတွေမှာတော့ မှန်ပြောင်း (၄) ခုပါပါတယ်။ အဲဒီတော့ ပုံမှန်မှန်ပြောင်း (၂) ခု နဲ့ဆို ရှေ့ကို (၄၀) ဒီဂရီအကျယ်မြင်ရပေမယ့် ကျနော်တို့ မှန်ပြောင်း (၄) ခုနဲ့ကျတော့ (၁၂၀) ဒီဂရီအကျယ်မြင်နိုင်ပါတယ်။ ပုံမှန်ညကြည့်ကိရိယာတွေကနေကြည့်ရတာက ရေအိမ်သုံး တစ်ရှူး စက္ကလိပ်တွေထဲမှာပါတဲ့ ကတ်ထူစက္ကူလိပ်ထဲကနေအပြင်ကိုကြည့်ရသလိုပါပဲ။ ကျနော်တို့ရဲ့ ပြောင်း (၄) ခု ပါတဲ့ ညကြည့်မှန်ပြောင်းတွေကျတော့ ပတ်ဝန်းကျင်အခြေအနေကို ပိုပြီးတော့ လေ့လာသိရှိနိုင်လာပြီး ထောင့်ချိုးကျတဲ့နေရာတွေကို ရှင်းလင်းရတာလည်း ပိုပြီးလွယ်ကူသွားပါတယ်။
(မြန်မာငွေ သိန်း ၆၅၀ / US$ 65000) တန် ညကြည့်ကိရိယာ (NVG) ကိုဖွင့်လိုက်တော့ ကျနော့်အခန်းတခုလုံးမှာ အစိမ်းရောင်တွေချည်းဖြာနေသလိုမြင်ရပါတယ်။ ညကြည့်ကိရိယာကို နည်းနည်းပြန်ချိန်လိုက်တော့ အခန်းထဲကပရိဘောဂပစ္စည်းတွေကို ပြတ်ပြတ်သားသား မြင်လာပါတယ်။ အားလုံးပြီးသွားတော့ ရိုင်ဖယ်လ်သေနတ်ကိုကောက်ပြီး ပခုံးနေရာကိုဆွဲယူလိုက်ပြီး EOTech ချိန်ခွက်ကို ဖွင့်လိုက်ပါတယ်။ EOTech နဲ့ကပ်လျက် အနောက်တည့်တည့်မှာတော့ သုံးဆချဲ့မှန်ဘီလူး (3X Magnifier) ကိုဆင်ထားပါတယ်။ နေ့ခင်းဘက်မှာ ပစ်မှတ်ကို ပိုပြီးတိတိကျကျပစ်နိုင်ဖို့ အဲဒီကိရိယာတွေက စွမ်းဆောင်ပေးကြပါတယ်။ သေနတ်ကို ခုတင်ဘေးနားက နံရံကိုလှမ်းချိန်လိုက်ပြီး မျက်စိနဲ့မြင်ရတဲ့ လေဆာရောင်ခြည်အနီ (Red Laser) ကို ဖွင့်ပြီးစစ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ မျက်စိနဲ့မမြင်နိုင်တဲ့ အနီအောက်ရောင်ခြည် (IR Laser) ကိုထပ်ဖွင့်ပြီး ညကြည့်ကိရိယာနဲ့ စစ်ဆေးကြည့်လိုက်ပါတယ်။
သေနတ်မောင်းကိုဆွဲတင်ပြီးကျည်ထိုးလိုက်တယ်။ ထိုးပြီးတာနဲ့မောင်းကိုသာသာလေးဆွဲပြီး ကျည်တက်မတက်ကို (Press Check) စစ်လိုက်ပါတယ်။ တဆက်တည်းသေနတ်လုံခြုံရေးခလုပ် (Safe) ပိတ်ထားတာကိုပြန်စစ်လိုက်ပါတယ်။ အိုကေ… သေနတ်ကိုနံရံမှာမှီပြီး ထောင်ထားလိုက်တယ်။
ကျနော့်လက်နက်ပစ္စည်းတွေအားလုံးကိုစစ်ဆေးပြီးသွားတော့ ကျနော့်ချပ်ဝတ်အင်္ကျီရှေ့ဘက်ခြမ်းက အိတ်လေးတခုထဲမှာထည့်ထားတဲ့ စာအုပ်ပါးလေးကိုထုတ်လိုက်တယ်။ ပထမစာမျက်နှာကတော့ အသေးစားမြေပုံညွှန်းအချက်အလက် (GRG) တွေပါ။ မြေပုံကတော့ ခြံတခြံကိုဂြိုဟ်တုကနေ ဓါတ်ပုံရိုက်ထားတဲ့ ကောင်းကင်မြေပုံပါ။ အဓိကကျတဲ့နေရာတွေအားလုံးကိုဖေါ်ပြထားပြီး အဆောက်အဦးတွေကိုတော့ နံပတ်စဉ်တွေတပ်ထားပါတယ်။ အားလုံးကိုအဲဒီမြေပုံတခုတည်းပဲ သုံးကြပါတယ်။ ပိုင်းလော့တွေကစပြီး အမြန်တုံ့ပြန်ရေးတပ် (QRF) တွေနဲ့ စစ်ဆင်ရေးဋ္ဌာနကလူတွေထိ အားလုံးဒီမြေပုံတခုတည်းသုံးကြရပါတယ်။ QRF ကတော့ Team Six ကနှစ်ဖွဲ့နဲ့ Ranger တဖွဲ့ပါ။
ဒုတိယစာမျက်နှာမှာကျတော့ ကြိုးမဲ့ဆက်သွယ်ရေးမှာသုံးရတဲ့ရေဒီယိုလှိုင်းအချက်အလက် (Radio Frenquency) တွေပါ။ စာအုပ်လေးရဲ့နောက်ဆုံးအခန်းမှာတော့ ပစ်မှတ်နေရာမှာရှိနေမယ်လို့ ယူဆရတဲ့ လူတွေရဲ့နာမည်တွေနဲ့ဓါတ်ပုံတွေပါ။ အယ်ကူဝိတ်တီးညီအကိုတွေ (al-Kuwaiti Brothers) ရဲ့ဓါတ်ပုံတွေကို လေ့လာကြည့်ရှုခဲ့တုန်းက ခြံ (၁) မှာနေနေတယ်လို့ယူဆရတဲ့ အာမက်အယ်လ်ကူဝိတ်တီး (Ahmed al-Kuwaiti) ရဲ့ပုံကိုအချိန်ပိုပေးပြီး လေ့လာခဲ့ပါတယ်။ မြေပုံစာအုပ်လေးထဲကစာမျက်နှာတိုင်းမှာ ပုံတွေသာမက အရပ်၊ ကိုယ်အလေးချိန်၊ အမည်၊ အခြားအမည် စတဲ့အလွန်အရေးကြီးတဲ့ အချက်အလက်တွေကိုပါ ဖေါ်ပြပေးထားပါတယ်။ နောက်ဆုံးစာမျက်နှာမှာတော့ ကျနော်တို့လိုချင်တဲ့ ပစ်မှတ်လူရဲ့ပုံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်လူနဲ့သူ့သားတို့ရဲ့ မျက်နှာပုံအမျိုးမျိုးကိုပြထားပါတယ်။
ကျနော့်ပုံဖျက်ယူနီဖေါင်းကိုလည်းဝတ်ပြီးပြီ။ ပစ္စည်းကိရိယာတွေအားလုံးလည်းအဆင်သင့်ဖြစ်နေပါပြီ။ Salomon Quest လည်ရှည်ဖိနပ်ကိုဆွဲယူပြီးစီးလိုက်ပါတယ်။ ဒီဖိနပ်က ကျနော့်အဖွဲကသားတချို့ တခါတလေစီးကြတဲ့ အားကစားဖိနပ်အတိုတွေထက်တော့ နည်းနည်းပိုကြီးပါတယ်။ ကျနော်တို့အလုပ်က ခြေကျင်းဝတ်ကိုလှည့်တာပြုတာမျိုး ခဏခဏလုပ်ရပါတယ်။ ဒီဖိနပ်က ကျနော့်ခြေကျင်းဝတ်တွေကို ခြေသပွတ်လည်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တော့ ကျနော်ဒီဖိနပ်ပဲအဓိကစီးဖြစ်ပါတယ်။ ဒီဖိနပ်နဲ့ပဲ အာဖဂန်နစ္စတန်က ကူနာပြည်နယ်နဲ့ အီရတ်ကသဲကန္တာရာတွေထဲမှာ လျှောက်ခဲ့ပြီးပါပြီ။ အခုကျနော်သုံးနေတဲ့ ကျနော့်ပစ္စည်းကိရိယာအားလုံးက အရင်စစ်ဆင်ရေးအခေါက်တွေကတည်းက မှတ်ကျောက်တင် အစစ်ခံခဲ့ပြီးသားတွေပါ။ အားလုံးအဆင်ပြေပြေပါပဲ။
ဖိနပ်ကြိုးချည်နေရင်းနဲ့ ဒီတခေါက်ကတော့ နောက်ဆုံးလဲဖြစ်ချင်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးတချက် ၀င်လာပါတယ်။ ကျနော်တို့အခုသွားလုပ်ရမယ့် ကိစ္စကတကယ့်ကိုထင်ရှားအရေးပါတဲ့ ကိစ္စပါ။ အတတ်နိုင်ဆုံးတော့အတိတ်ကို ကျနော်တို့တွေမေ့ထားကြပါတယ်။ ဒီဟာလည်း နောက်ထပ်တာဝန်တခုပဲ အဲဒီတော့ကိုယ်လုပ်စရာရှိတာလုပ်… ဒါပဲ။ ကျနော်တို့ရဲ့တာဝန်က အိမ်တအိမ်ကိုဝင်စီး၊ လူတယောက်ကို အရှင်ဖမ်းလို့ရရင်ဖမ်း၊ မရရင်သတ်။ ဒီလောက်ပါပဲ။ အဲဒီလူကဘာကောင်လဲဆိုတာ ကျနော့်အတွက်တော့ ဘယ်တုန်းကမှ သိပ်အရေးမပါခဲ့ပါဘူး။
ဖိနပ်ကြိုးဆက်ချည်နေရင်းက…
“ အင်း… ဒီတခါတော့ အရေးပါရင်လည်းပါနိုင်တယ်…” လို့အတွေးတချက်ဝင်လာပြန်လေရော…
ဒီကိစ္စကိုဖုံးထားလို့ရမှာမဟုတ်သလိုပဲ ကျနော့်ဖိနပ်ကြိုးတွေလည်း ပြေသွားတာမျိုးမဖြစ်စေချင်ပါဘူး။
---------------------
ဆက်ရန်

သွေးကြွေး (၁)



ကောင်းကောင်းအိပ်လို့မပျော်တော့တာနဲ့ မထသေးခင်သက်တောင့်သက်သာလေးဖြစ်အောင်ပဲ အိပ်ယာထဲဆက်နှပ်နေလိုက်ရတယ်။ ပြောသာပြောရတာအိပ်ယာကလည်းခပ်မာမာဆိုတော့ ဘယ်လိုမှကိုသက်တောင့်သက်မရှိလှပါဘူး။ ဒီညလုပ်စရာ ထူးထူးခြားခြားရှိနေပေမယ့်လည်း ကျနော့်အတွက်တော့ဘာမှသိပ်ထူးခြားမှုမရှိပဲ အားလုံးပုံမှန်အတိုင်းပါပဲ။
မီးရောင်မ၀င်အောင်ခုတင်ရဲ့အပေါ်ပိုင်းမှာလွှမ်းထားတဲ့ ခြုံမိုးကာကိုဆွဲဖယ်လိုက်ပြီး မျက်လုံးတွေပွတ်သပ်ရင်း လှဲနေရာကထထိုင်လိုက်ပါတယ်။ လုပ်ရမယ့်အလုပ်အကြောင်းကို မစဉ်းစားမိအောင်ကြိုးစားနိုင်ခဲ့တာ သုံးရက်လောက်ရှိသွားပေမယ့် အခုတော့ အဲဒီအကြောင်းကို မစဉ်းစားပဲမနေနိုင်တော့ပါဘူး။ ပြင်ဆင်ထားကြတာတွေအားလုံးသာ အစီအစဉ်တကျဖြစ်လာမယ်ဆိုရင် လာမယ့်အချိန် (၁၂) နာရီ မပြည့်သေးခင်မှာ ကျနော်တို့သွားရမယ့်နေရာကို လေထဲကနေ ကြိုးနဲ့ဆင်းနေလောက်ပါပြီ။ လူကတော့ နုံးတာပြုတာမရှိပါဘူး။ အိပ်ဆေးဗူးအလွတ်နဲ့ အပေါ့စွန့်ထားတဲ့ ပလတ်စတစ်ဗူးတွေကို ကြည့်လိုက်ရင်တော့ ကျနော်ခဏတော့အိပ်ပျော်သွားတာ သိသာပါတယ်။
ကျနော်တို့နေကြတဲ့အဆောက်အဦးက လူတွေပြည့်ကျပ်နေတော့ အနီးဆုံးရေအိမ်ကိုရောက်ဖို့ ကိုက်နှစ်ရာပျော့ပျော့တော့လျှောက်ရပါတယ်။ အဲတော့ သောက်ပြီးသားရေဗူးအလွတ်တွေ၊ Gatorade အအေးဗူးအလွတ်တွေကို လွှင့်မပစ်ပဲသိမ်းထားပြီး အဲဒီဗူးတွေထဲ အပေါ့သွားရပါတယ်။ ကျနော်တို့တွေက ဦးထုပ်မှာတပ်တဲ့ဓါတ်မီးလေးကိုဖွင့်ပြီး မျက်လုံးပိတ်ပြီး ဗူးထဲအပေါ့သွားထည့်ကြပါတယ်။ ချိန်သားကိုက်ဖို့တော့ လေ့ကျင့်ထားရတာပေါ့လေ။
ရုပ်ပိုင်းဆိုင်ရာကတော့လန်းလန်းဆန်းဆန်းပါပဲ။ စိတ်ထဲမှာတော့နည်းနည်းလျော့နေတယ်။ တက်တက်ကြွကြွတော့မရှိလှပေမယ့် ဂနာမငြိမ်ဖြစ်တာမျိုးတော့မဟုတ်ဘူး။ မြန်မြန်လုပ်၊ ပြီးရင်စောင့်နေ… ဆိုတာမျိုးတွေက ကျနော့်ကိုအာရုံနောက်အောင်လုပ်နေသလိုပါပဲ။ ခုတော့ အဲဒီစောင့်ဆိုင်းရတဲ့အလုပ်က ပြီးတော့မယ်ဆိုတော့လည်း အားလုံးဝမ်းမြောက်ကြရပါတယ်။
ကျနော့်အဖွဲ့သားတချို့ကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြတုန်းဆိုတော့ အသံမထွက်အောင် အိပ်ယာပေါ်ကထပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အ၀တ်အစားလဲလိုက်ပါတယ်။ တခြားအခန်းတွေက ခပ်တိုးတိုးဟောက်သံတွေကိုတောင် ကြားနေရပါတယ်။ နေကာမျက်မှန်ကိုလှမ်းယူလိုက်ပြီး အဆောက်အဦးအပြင်ဘက်ကိုထွက်လိုက်ပါတယ်။ နေရောင်ကမျက်လုံးထဲစူးကနဲ့ဝင်လာတာ လပ်စ်ဗီးဂတ်မှာညလုံးပေါက်ကာစီနိုကစားပြီး မနက်မိုးလင်းမှအပြင်ကိုထွက်လာမိသလိုပါပဲ။ တခဏတွင်းမှာပဲမျက်လုံးက နေရောင်ကိုကျင့်သားရသွားပါတယ်။
စားရိပ်သာကိုဦးတည်လျှောက်ရင်းနဲ့ မျက်နှာနဲ့လက်တွေပေါ်ကျလာတဲ့ ညနေစောင်းကျနေရဲ့ နွေးထွေးတဲ့ အတွေ့ကို ခံစားမိလိုက်ပါတယ်။ နာရီကိုတချက်ကြည့်မိလိုက်ပါတယ်။ ညနေစောင်းမှအိပ်ယာထကြတဲ့ ကျနော်တို့ညမင်းသားတွေအတွက်တော့ အခုအချိန်ကမနက်ခင်းပါပဲ။ ကျန်တဲ့သူအားလုံးအတွက်ကတော့ တနေ့တာအလုပ်ချိန်ရဲ့ဒုတိယတ၀က်ပေါ့လေ။ ခပ်ဆူဆူဟယ်လီကော်ပတာသံတွေကလည်း ထုံးစံအတိုင်းပဲ ကြားနေရပါတယ်။ စားရိပ်သာဆီလျှောက်လာရင်းနဲ့ လမ်းပေါ်မှာ ယာယီအိမ်သာတွေက မိလ္လာစုပ်လာတဲ့ မိလ္လာစုပ်ယာဉ်တစီးဖြတ်မောင်းသွားတော့ အနီးအနားတ၀ိုက်လုံး ပိုးသတ်ဆေးနံ့တွေလှိုင်ပြီး ကျန်ခဲ့ပါတယ်။
ဖုန်မထအောင်ကျောက်စရစ်တွေခင်းထားတဲ့ ဂိတ် (၁) ကိုသွားတဲ့လမ်းအတိုင်း လျှောက်သွားလိုက်ပါတယ်။ ဂိတ်တံခါးမှာ လျှို့ဝှက်ကုဒ်နံပါတ်တွေရိုက်သွင်းရတဲ့ လုံခြုံရေးစနစ်တပ်ထားပြီး တပ်သစ်တတပ် ရောက်လာတိုင်းမှာ လုံခြုံရေးကုဒ် (Code) နံပါတ်တွေကို ပြောင်းကြရပါတယ်။ ကျနော်လည်း အင်္ကျီအိပ်ထဲက ကုဒ်တွေရေးထားတဲ့စာရွက်ကို နှိုက်ထုတ်ကြည့်ပြီး ဂဏန်းတွေနှိပ်လိုက်ပြီး တံခါးလက်ကိုင်ကိုဆွဲလှည့်လိုက်တယ်။ ညကသောက်ထားတဲ့ အိပ်ဆေးအရှိန်ကမပြယ့်တပြယ်ဆိုတော့ နှိပ်လိုက်တာဂဂျိုးဂဂျောင်တွေ ဖြစ်နေလို့လားမသိဘူး။ တံခါးကမပွင့်ဘူး။ ထပ်နှိပ်... ထပ်နှိပ်နဲ့ သုံးခေါက်မြောက်တော့မှ ကိုရွှေတံခါးကပွင့်သွားပါတော့တယ်။
ဝှူး…မနက်စာလေးစားဖို့အရေးကလည်း အတော့်ကိုမလွယ်တာပါလား။ ကိစ္စရပ်ကြီးတခုလုံးကို စိတ်ထဲထည့်ထားရင် လူကဂျုံးဂျုံးကျသွားတတ်ပါတယ်။ ဟိုးအရင် Green Team မှာတုန်းကဆို ထမင်းစားချိန်တချိန်နဲ့တချိန်ကြားကအချိန်ပိုင်းလေးကိုပဲ (Meal to Meal)စိတ်ထဲထည့်ထားပြီး ခက်ခဲပင်ပန်းလှတဲ့ လေ့ကျင့်မှုတွေကြားထဲမှာ အဲဒီအချိန်ပိုင်းလေးတွေ တခုပြီးတခုပဲအာရုံစိုက်ပြီး ရှင်သန်နိုင်အောင်လုပ်ခဲ့ရပါတယ်။ အခုလည်း ကျနော့်လုပ်သက်တလျှောက်မှာ အကြီးဆုံးလို့ ဆိုနိုင်တဲ့ အလုပ်တခုကိုလုပ်ခါနီးဆဲဆဲပေမယ့် လောလောဆယ်တော့ ဘရိတ်ဖတ်စ်စားဖို့အတွက်ပဲ အာရုံစိုက်ထားလိုက်တယ်။
“ ၀ါးတီးတော့ ရှယ်ဆွဲလိုက်ဦးမယ်…”
စားရိပ်သာခန်းမထဲရောက်တော့ ရေအေးနဲ့လက်ဆေးလိုက်ပါတယ်။ အဲဒီမှာဆီတွေနဲ့ကြော်ထားတဲ့ အစားအသောက်တွေရဲ့အနံ့တွေကပြင်းတော့ အ၀တ်အစားတွေမှာတောင်ကပ်ကုန်တယ်။ ခန်းမရဲ့ကွန်ကရစ်နံရံပေါ်မှာတော့ ခေတ်ဟောင်းကအဆင်အပြင်တွေ၊ နောက်နေ့စဉ်ကျွေးတဲ့ အစားအသောက်အမျိုးအမည်တွေရေးထားတဲ့ဘုတ်ပြား၊ ကပ်လျက်မှာတော့ (၁၉၇၀) ခုနှစ်ထုတ် အစားအသောက်တွေကို အုပ်စု (၄) မျိုးခွဲထားတဲ့ပိုစတာတွေက နေရာယူထားပါတယ်။
မနက်စာအတွက် ဘာစားရကောင်းမလဲလို့ လေ့လာကြည့်လိုက်ပါတယ်။ အစားအသောက်တွေ ထည့်ထားတဲ့ဗန်းတွေရဲ့အနောက်မှာတော့ ဦးထုပ်ဖြူဆောင်းပြီး၊ အေပရွန်ဝတ်ထားတဲ့ ၀န်ထမ်းတွေကရပ်နေပါတယ်။ ကိုယ်စားချင်တာကိုပြောလိုက်တာနဲ့ သူတို့ကထည့်ပေးဖို့အသင့်ပါပဲ။ ဖြစ်ချင်တော့ တခုမှစိတ်ကြိုက်မတွေ့ဘူး။ ၀က်ပေါင်ခြောက်ကလည်းအသားထက်အဆီတွေကများနေပြီး ဆီတွေကဘေးမှာအိုင်ပြီး ဗတ်လဘိုင်လိုက်နေတယ်။
ဒါပေမယ့်လည်း ကိုယ်ကအားအင်ရှိဖို့လိုတော့ မီးဖိုဘက်ကိုသွားလိုက်တယ်။ အသားကင်ဘက်မှာတော့ ကိုယ်လိုလူတချို့ကတန်းစီစောင့်နေကြလေရဲ့။ Flattop မီးဖိုနောက်က အရပ်ပုပုနဲ့ အကြော်ဆရာက ကျနော့်ရှေ့ကတယောက်ရဲ့ ပန်းကန်ထဲကိုကြက်ဥခေါက်ကြော် တဇွန်းမောက်မောက် လှမ်းထည့်ပေးလိုက်ပါတယ်။
“ ကြက်ဥ (၄) လုံး… မွှေကြော်လုပ်ဗျာ။ ၀က်သားပြားနဲ့ ချိစ်ပါထည့်မယ်…”
အကြော်ဆရာကကျနော့်အတွက်ကြက်ဥတွေကြော်နေတုန်း ကျနော်လည်းပေါင်မုန့်မီးကင်နဲ့ အသီးတချို့သွားယူလိုက်ပါတယ်။ သိပ်မမှည့်သေးတဲ့လိမ္မော်သီးစိတ်တွေနဲ့ အစိမ်းရောင် သခွားမွှေးသီးစိတ်တွေကို ခပ်များများထည့်လိုက်ပါတယ်။ အဲဒါအမြဲတမ်းကျနော်စားနေကျပုံစံပါပဲ။ နောက်ဆုံးတခေါက်တုန်းကတော့ စားရိပ်သာထဲမှာ…
“စစ်ဘက်/ထောင် သုံးရန်အတွက်သာ”
လို့ ရေးထားတဲ့သေတ္တာတလုံးတွေ့လိုက်တယ်။ အဲဒါဟုတ်လောက်တယ်ဗျို့။ အစားအသောက် ကောင်းကောင်းစားချင်လို့ဆိုပြီး စစ်တပ်ထဲဝင်လာတဲ့သူတော့မရှိလောက်ပါဘူး။
ပေါင်မုန့်နှစ်ချပ်ယူလိုက်ပြီး ပေါင်မုန့်မီးကင်စက်ထဲထည့်ကင်လိုက်တယ်။ ပုံစံပန်းကန်ပြားထဲကို နာနတ်သီးစိတ်ခပ်များများလေးခပ်ထည့်လိုက်တယ်။ နာနတ်သီးကတော့လွတ်သွားလို့မဖြစ်ဘူး။ မီးဖိုဘက်ကိုပြန်သွားပြီး ခုနကမှာထားတဲ့ကြက်ဥမွှေကြော် (၄) လုံးကို ပြန်သွားယူလိုက်တယ်။ ပန်းကန်လုံးတခုယူပြီး အုတ်ဂျုံပြုတ်နဲ့ စပျစ်သီးခြောက်တွေ ထည့်လိုက်တယ်။ ထည့်တဲ့စခန်းပြီးသွားတော့ ထမင်းစားပွဲရှည်ကြီးတွေဘက် သေချာကြည့်လိုက်တယ်။
အခန်းထောင့်က တီဗီအကြီးကြီးကပြနေတဲ့သတင်းလိုင်းကထွက်လာတဲ့အသံရယ် စားနေတဲ့သူတွေပြောနေတဲ့ စကားသံတိုးတိုးတိုးတိုးတွေနဲ့ ဗလုံးဗထွေးအသံတွေကြားနေရတယ်။ တီဗီနဲ့ ခပ်လှမ်းလှမ်းမှာတော့ ကျနော့်အဖွဲ့သားတချို့ကို လှမ်းတွေ့လိုက်ပါတယ်။ ပုံစံပန်းကန်ပြားကိုစားပွဲပေါ်ချပြီး ကော်ဖီသွားထည့်ဖို့ လှည့်ထွက်လာခဲ့လိုက်တယ်။
ဒီစားရိပ်သာက ဂျေးဆော့ခ် (JSOC) လို့ခေါ်တဲ့ ပူးတွဲအထူးစစ်ဆင်ရေးဋ္ဌာနချုပ် (Joint Special Operations Command) လက်အောက်ကတပ်ဖွဲ့ဝင်တွေအတွက်သီးသန့်စားရိပ်သာပါ။ ဒါပေမယ့်လည်း ဒီနေ့ည စစ်ဆင်ရေးတာဝန်နဲ့ပတ်သက်လို့ ဘယ်သူမှမသိကြဘူး။
ကြက်ဥကြော်တွေပေါ်ကို ငရုတ်ကောင်းဖြူးရင်းနဲ့ ချာလီနဲ့ တော်မ် တို့အပါအ၀င် ဘော်ဒါတွေကို လှမ်းနှုတ်ဆက်လိုက်တော့ သူတို့ကလည်းပြန်နှုတ်ဆက်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ကြည့်ရတာလည်း ကျနော့်လိုပဲ… ဘယ်သူနဲ့မှသိပ်စကားပြောချင်ပုံမရကြဘူး။ ကျနော်တို့တွေက ကိုယ့်ဖီးလ်နဲ့ကိုယ် ငြိမ်နေတတ်ကြတဲ့သူတွေပါ။
“ခင်ဗျားတို့ဘယ်လိုအိပ်ကြတုန်းဗျ…”
“တရေးမှကိုမနိုးဘူး…”
“အိပ်ဆေးသောက်သေးလား…”
“အင်း… နှစ်လုံးတော့သောက်လိုက်တယ်…”
“ကြည့်စမ်းပါဦးဗျာ… အနည်းဆုံးတော့ဘရိတ်ဖတ်စ်ကို ရှယ်ဆွဲရတယ်။ ဟော်တယ်ဒဲလ်ကိုရိုနဒို (Hotel del Coronado) မှာကျွေးတဲ့ ဘူဖေးကျနေတာပဲ…”
အဲဒီဟော်တယ်က ပစိဖိတ်ကမ်းခြေတလျှောက်လုံးမှာရှိတဲ့ သက်တမ်းအရင့်ဆုံးဟော်တယ်တွေထဲက ဟော်တယ်တခုပါ။ ကျနော်တို့ အခြေခံ ရေအောက်ဖေါက်ခွဲရေးသင်တန်း (BUD/S) တက်ကြတုန်းက သင်တန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဟော်တယ်ပါ။
“အင်း… ဟုတ်တော့ ဟုတ်တယ်… ဒါနဲ့ ဒါအကုန်ပဲလား…”
ကျနော်က ရယ်စရာလေးဘာလေးကြိုးစားပြောကြည့်တာပါ။ ဖြစ်ချင်တော့ ဟာသပြောတဲ့အချိန်က နည်းနည်းစောလွန်းနေတယ်။ မတောက်တခေါက်နဲ့ကျနော်ပြောလေ့ရှိတဲ့ မမြောက်တမြောက် ဟာသတွေကို ချာလီက အမြဲလိုလိုဟားတတ်တယ်လေ။ ကိုယ့်အကြောင်း ကိုယ်သိပေမယ့်လည်း အင်း… အဲဒါကိုကလည်း ဟာသတခုပါပဲ။
ဒါလောက်ပါပဲ။ အိမ်အကြောင်းတော့ဘယ်သူမှမဟကြဘူး။ လုပ်စရာရှိတဲ့အလုပ်အကြောင်းလည်း ဘယ်သူမှမပြောကြဘူး။ ဘာမှလျှိုထားစရာလည်းမရှိတော့ဘူး။ မနက်စာစားရတာ သိပ်တော့ခံတွင်း မတွေ့ဘူးဆိုတာ ကျနော်တို့စားပြီးသွားတဲ့ပန်းကန်တွေကြည့်ပြီး ပြောလို့တော့မရဘူးဗျ။ ကျနော်တဖွဲ့သားလုံး ဗိုက်ပြည့်အောင်သာစားနေကြရတာ စားလို့ကောင်းတဲ့ပုံမရကြဘူး။ ကြက်ဥကြော်တွေနဲ့ အသီးအနှံတွေလည်း စားပြီးသွားတော့အုတ်ဂျုံပြုတ်ကိုသောက်လိုက်ပြီး လိမ္မော်ရည်တခွက် မော့ချလိုက်ပါတယ်။ စားပြီးလို့ဗိုက်တော်တော်ပြည့်သွားတော့ အခန်းဘက်ပြန်လျှောက်လာခဲ့လိုက်တယ်။
“အင်း…နောက်တနပ်ကို ဘယ်အချိန်စားရမယ်မှန်းတောင် မသိတဲ့ဘ၀ပါလား…”
--------
ဆက်ရန်

Related Posts Plugin for WordPress, Blogger...