Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Wednesday, 3 September 2014

လက်ဖြောင့်တယောက်ရဲ့ဒဏ္ဍာရီ

အပူချိန်က 50’ C ကျော်နေတော့ ရာသီဥတုကအလွန်အမင်းပူပြင်းလှပြီး တိုက်နေတဲ့လေကလည်း Hair Dryer နဲ့မျက်နှာနားကပ်မှုတ်နေသလားအောင်းမေ့ရအောင်ကို တသက်စာအမှတ်တရပါပဲ။ လေယာဉ်ကွင်းကိုရောက်တော့ MH-47 Chinook ရဟတ်ယာဉ်ပေါ်မတက်ခင် စိတ်လှုပ်ရှားမှုနေတာနဲ့ စီးကရက်တလိပ်ထုတ် မီးညှိလိုက်ပြီး ကျနော့်တွဲဘက် Spotter ဖြစ်တဲ့ “ ပီ ” နဲ့ ကျနော်နဲ့ စီစဉ်ပြီးသားဖြစ်တဲ့ပြင်ဆင်မှုတွေနဲ့ ခရီးစဉ်လမ်းကြောင်းတွေကို နောက်ဆုံးအနေနဲ့တခေါက် ပြန်သုံးသပ်လိုက်ကြပါတယ်။

လူတွေရော ပစ္စည်းတွေရော ရဟတ်ယာဉ်ဝမ်းထဲကိုလည်းရောက်တော့ လုံခြုံရေးခါးပတ်တွေ ပတ်လိုက်ပြီး ရဟတ်ယာဉ်အတက်ကိုစောင့်ဆိုင်းနေလိုက်ကြပါတယ်။ ပြီးတော့ ပီ နဲ့ကျနော် မျက်လုံးချင်းဆုံသွားတော့ တပွဲတလမ်းတော့နွှဲလိုက်ကြတာပေါ့… ဆိုတဲ့ ခံစားချက်မျိုးကို နှစ်ယောက်လုံး ခံစားလိုက်ကြရတယ်။ ရေမြေခြားမှာ စစ်ဆင်ရေးသွားရတဲ့အခေါက်တိုင်း ထွက်ခါနီးဆဲဆဲလေးကျရင် အိမ်မှာကျန်ခဲ့တဲ့မိသားစုကိုပိုသတိရမိတယ်။ သူတို့တွေဘာတွေများလုပ်နေကြမလဲလို့ တွေးမိတတ်တယ်။ စစ်ဆင်ရေးတွေကလည်း လျှို့ဝှက်ကိစ္စတွေဆိုတော့ အမြဲတမ်းလိုလိုစိတ်လှုပ်ရှားလေ့ရှိပါတယ်။ ချီနွတ်ရဟတ်ယာဉ်က တောင်တန်းတွေပေါ်ကဖြတ်သွားရင် တောင်ထိပ်တွေ၊ ချိုင့်ဝှမ်းတွေရှိတဲ့နေရာတွေပေါ်ကို တနာရီ မိုင် (၇၀) နှုန်းနဲ့အမြန်ဖြတ်ပျံသွားရတော့ ရိုလာကိုစတာစီးနေရသလိုပါပဲ။


ရဟတ်ယာဉ်ဆင်းခါနီး (၃၀) စက္ကန့်အလိုမှာ ဆင်းဖို့ အချက်ပေးလာရင်တော့ ၀ုန်းဒိုင်းထပြီး အမြန်ပြင်ဆင်ရပါတော့တယ်။ အဲဒီအချိန်ကျလာရင်တော့ ကျနော့်သေနတ်ကို မောင်းတင်ကျည်ထိုးပြီး လုံခြုံရေးခလုတ် (Safe) ကိုပြန်ပိတ်ထားလိုက်ပါတယ်။ ရဟတ်ယာဉ်နောက်ဖုံးတံခါးပွင့်သွားတာနဲ့ ပိုင်းလော့အနေနဲ့ရဟတ်ယာဉ်ကို ချက်ချင်းပြန်တက်နိုင်အောင် ကျနော်တို့တွေလည်း ရဟတ်ယာဉ်ပေါ်ကနေ မြန်နိုင်သမျှအမြန်ဆုံးပြေးဆင်းကြပါတယ်။ အဲဒါမှ အောက်မှာ စောင့်ချင်စောင့်နေနိုင်တဲ့ ဟာဂျီတယောက်ယောက်ပစ်လိုက်တဲ့ ကျည်ဆံတွေပျံလာရင် လွတ်နိုင်ပါတယ်။ ဒလက်သံဆူဆူညံညံ၊ ကိုယ်ထည်ကြီးကြီးနဲ့ MH-47 လိုဝန်တင်ရဟတ်ယာဉ်မျိုး မြေပြင်ပေါ်ဆင်းလိုက်တဲ့အချိန်က RPG လို့ခေါ်တဲ့ ဒုံးကန်အားသုံးရတဲ့ ဗုံးသေနတ်ကိုင်ရန်သူတွေအတွက်တော့ ပစ်မှတ်ကောင်းတခုဖြစ်သွားပါတယ်။

ရန်သူ့နယ်မြေထဲကိုဖေါက်ဝင်ပြီး ကျနော်တို့လိုချင်တဲ့ ပစ်မှတ်ရှိတဲ့နေရာကိုရောက်ဖို့အတွက် ရေသွင်းမြောင်း ခပ်နက်နက်တွေပြည့်နေတဲ့ စိုက်ခင်းကျယ်ကြီးတွေကိုဖြတ်သွားရပါတယ်။ အဲဒီလိုမြေပြင်မျိုးကိုဖြတ်သွားဖို့အတွက် အတွေ့အကြုံရှိဖို့လိုအပ်ပြီး ညဘက်မှာ ညကြည့်ကိရိယာ (NVG) တွေနဲ့ခပ်သော့သော့ဖြတ်လျှောက်သွားနိုင်တယ်ဆိုရင်ကို တော်တော်လေးဟုတ်နေပါပြီ။ ရှေ့တန်းထွက်မလာခင်လနဲ့ချီပြီးလုပ်ခဲ့ရတဲ့ ၁၅ မိုင်ခရီးကို ပေါင် (၅၀) ၀န်ထမ်းပြီး တိုက်ခိုက်ရေးဝတ်စုံပြည့်နဲ့ ပြေးခဲ့ရတဲ့လေ့ကျင့်မှုတွေရဲ့တန်ဖိုးတွေကို အခုတော့ ကျနော်ကောင်းကောင်းနားလည်လာပါတယ်။ အဲဒီလိုလှုပ်ရှားရတာကပဲ ကျနော်တို့ဘ၀နေထိုင်မှုပုံစံ ဖြစ်လာပါတယ်။ ရေမြေခြားမှာ Ranger တွေ နေ့စဉ်လုပ်ဆောင်ကြရတဲ့ စစ်ဆင်ရေးတွေကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာမှာ အလွန်အမင်းကြံ့ခိုင်နေဖို့လိုအပ်လှပါတယ်။

အဲလိုနဲ့ ရည်မှန်းချက်နေရာကိုသွားတဲ့လမ်းမှာ ကျနော်ရယ် ပီရယ် နှစ်ယောက်သား ကျနော်တို့တပ်စုရဲ့အလယ်ကနေ နာရီအနည်းငယ်ကြာကြာလျှောက်လိုက်လာခဲ့ကြပါတယ်။ ရန်သူ့နယ်မြေကိုထိုးဖေါက်ဝင်တဲ့ (Infilitration) ကတော့ ဘာပြဿနာမရှိပဲ မူလစီစဉ်ထားတဲ့အတိုင်းချောချောမွေ့မွေ့ပါပဲ။ ခပ်သွက်သွက်လျှောက်နေရင်းနဲ့တခြားသူတွေလိုပဲ ကျနော်လည်းတကိုယ်လုံးချွေးတွေရွှဲနစ်လာပါတယ်။ ကျနော်တို့စနိုက်ပါအဖွဲ့သားတွေအနေနဲ့ ကျနော်တို့အလုပ်ရဲ့လိုအပ်ချက်ကြောင့် တခြားအဖွဲ့သားတွေနဲ့စာရင် ၀န်နည်းနည်းလျှော့ပြီးသယ်ကြရပါတယ်။ အကောင်းဆုံးအနေအထားနဲ့ ရန်သူတွေကိုပစ်ခတ်နိုင်ဖို့အတွက် ကျနော်တို့အဖွဲ့အနေနဲ့ ရံဖန်ရံခါဆိုသလို အဆောက်အဦးတွေပေါ် တက်တာ၊ ဒါမှမဟုတ်ခပ်မြင့်မြင့်အရာတခုခုကိုတွယ်တက်တာမျိုးတွေ လုပ်ရတတ်ပါတယ်။ ကျနော်တို့တွေတဦးချင်းပျမ်းမျှသယ်ကြရတဲ့ ၀န်အလေးချိန်ကတော့ ပေါင် (၁၁၀) လောက်ရှိပါတယ်။



 အဲလိုအမြန်လျှောက်လာရင်းနဲ့ အချိန်ကျလာတော့ ပင်မချေမှူန်းရေးအဖွဲ့ (Main Assault Element) ကနေပြီး ပီနဲ့ကျနော်တို့ခွဲထွက်လိုက်ကြပါတယ်။ ချေမှူန်းရေးအဖွဲ့က ပစ်မှတ်ရန်သူ (High Value Target, HVT) ရှိတဲ့နေရာကို ၀င်စီးနေတဲ့အချိန်မှာ သူတို့ကိုရန်သူကအငိုက်ဖမ်းတိုက်တာမခံရအောင် ကျနော်တို့က အပေါ်စီးကနေ အကောင်းဆုံးအနေအထားနဲ့ ကာကွယ်ပေးနိုင်မယ့်နေရာကို ရှာရပါတယ်။

လူတိုင်းကကိုယ့်ကိုသတ်ချင်နေကြတဲ့နေရာတခုမှာ ကိုယ့်ပတ်ဝန်းကျင်အခြေအနေကို သိနိုင်တဲ့ အာရုံခံစွမ်းရည်က အလိုအလျောက်မြင့်တက်လာပြီး သားကောင်ရှာထွက်တဲ့ အမဲလိုက်ခွေးတွေလိုပဲ ပတ်ဝန်းကျင်က ဆူညံသံတွေနဲ့ အနံ့အသက်တွေမှန်သမျှကို သတိပြုမိလာပါတယ်။ ပီ နဲ့ ကျနော်တို့လည်း ပစ်မှတ်ရှိတဲ့နေရာနဲ့ ပေ (၁၅၀) လောက်ပဲဝေးတဲ့ မလှမ်းမကမ်းက အဆောက်အဦးတခုပေါ်ကို တက်ပြီးနေရာယူလိုက်ကြပါတယ်။ ချေမှူန်းရေးအဖွဲ့က ခြံဝင်းတံခါးမှာဖောက်ခွဲရေးယမ်းကပ်နေတာကို အဲဒီပေါ်ကနေ အတိုင်းသားမြင်နေရပါတယ်။  ကျနော်တို့နေရာနဲ့ ပစ်မှတ်အိမ်နေရာကကပ်လွန်းနေတော့ အိမ်အ၀င်အထွက်လမ်းရယ်၊ အိမ်ပြတင်းပေါက်တွေနဲ့နေရာကျအောင် ပစ်မှတ်ချိန်တဲ့မှန်ပြောင်း (Rifle Scope) ကို ညှိရပါတယ်။

ချေမှူန်းရေးအဖွဲ့က အိမ်နားကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ချဉ်းကပ်သွားတာကိုကြည့်နေရင်းနဲ့ နဖူးကကျလာတဲ့ချွေးပေါက်တွေက မျက်လုံးတွေထဲကိုဝင်ကုန်ပါတယ်။ တခုခုအမှားအယွင်းဖြစ်လို့ ပစ်မှတ်ပြေးထွက်လာတာနဲ့ စပစ်ရမှာက ကျနော်ဖြစ်နေတော့ အောက်ကိုအာရုံထားနေရတာနဲ့ ညာဘက်မျက်လုံးထဲမှာချွေးဝင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေတာကို ဘာမှကိုမလုပ်အားပါဘူး။ စူပါမင်းတွေပါတဲ့ ရုပ်ရှင်ထဲက SWAT တပ်ဖွဲ့တွေလို ချေမှူန်းရေးအဖွဲ့သားတွေ ၀င်းတံခါးကို အုန်းဒိုင်းနဲ့ ဖေါက်ခွဲပြီး ခပ်ကြမ်းကြမ်းဝင်သွားပေမယ့် ကျွမ်းကျင်မှုပြည့်ဝတော့ မြန်ဆန်သေသပ်ပါတယ်။ ရောင်နီသမ်းလာတဲ့အချိန် ကြမ်းခင်းပေါ်အိပ်မက်တွေမက်လို့ကောင်းနေတဲ့ ကျနော်တို့လိုချင်တဲ့ပုဂ္ဂိုလ်ကို ချေမှူန်းရေးအဖွဲ့က အလွယ်တကူပဲ ဖမ်းခေါ်လာခဲ့လိုက်နိုင်ပါတယ်။




နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်လို့ သေနတ်တွေနဲ့ချိန်ထားပြီး စားတော့ဝါးတော့မယ့်ရုပ်တွေနဲ့ ဂြိုလ်သားတွေလိုလူတွေကို တွေ့လိုက်ရတဲ့ အကြမ်းဖက်သမားတွေအနေနဲ့ သူတို့တွေစိတ်ထဲမှာ ဘယ်လိုများနေကြမလဲ မသိဘူးလို့လဲ တခါတလေတော့တွေးမိပါတယ်။

“ အမလေး…” လို့ထအော်ပြီး ဖင်ကချီးပါထွက်ကျလောက်မယ်ထင်တယ်။

ချေမှူန်းရေးအဖွဲ့ကဖမ်းထားတဲ့လူနဲ့အိမ်ထဲကပြန်ထွက်လာပြီး ရဟတ်ယာဉ်နဲ့လာခေါ်မယ့် ရွာပြင်ကသတ်မှတ်နေရာကို ပြန်ဖောက်ထွက်လာကြတော့ ပီနဲ့ကျနော်တို့က ပတ်ဝန်းကျင်ကိုအပေါ်စီးကနေစောင့်ကြည့်ပြီး သူတို့ကိုကာကွယ်ပေးရပါတယ်။ နံနက်ခင်း တောင်ပေါ်လေရဲ့အနံ့ကတော့ နွားချေးနံ့နဲ့ ကျင်ငယ်နံ့တွေ ရောနေတဲ့အနံ့ရပါတယ်။ စစ်တိုက်တဲ့အချိန်မှာ ကျနော်အကြောက်ဆုံးအနေအထားက သူများကကိုယ့်ကိုပစ်နေတာခံရတဲ့အချိန် မဟုတ်ပါဘူး။ အလင်းရောင်ရတဲ့နေ့ဘက်မှာ ရန်သူ့နယ်မြေကဖေါက်ထွက်ရတဲ့အချိန်ပါ။ အဲဒီအချိန်မှာက ဘာပဲလုပ်လုပ် ကိုယ့်ကိုအားလုံးကအတိုင်းသားမြင်နေရတော့ တော်တော်လေးအန္တရာယ်ရှိပါတယ်။ အဲဒီတော့ ပီ နဲ့ကျနော်တို့လည်း ရဟတ်ယာဉ်တွေရောက်မလာခင် ချေမှူန်းရေးအဖွဲ့ကို ကာကွယ်ပေးဖို့အတွက် ပစ်ကွင်းကောင်းတဲ့ ရွှံ့မာအဆောက်အဦးအမြင့်တခုပေါ်ကိုနေရာရွှေ့လိုက်ကြပါတယ်။

အမြင့်ပေါ်ရောက်ဖို့ကုတ်ကက်ပြီး တွယ်တက်လိုက်ရပါတယ်။ အပေါ်လည်းရောက်ရော ပတ်ဝန်းကျင်တခုလုံး လှုပ်လှုပ်ရွရွဖြစ်နေတာကို တွေ့နေရပါတယ်။ ကျနော်တို့ရောက်နေတာကို ဒေသခံတွေကသိသွားကုန်ကြပါပြီ။ ကျနော်က အနီးကပ်နေရာတွေကို သေနတ်ပြောင်းထဲကနေသေချာအကဲခတ်နေရပါတယ်။ ပီ့ကိုတော့ မီတာ (၄၀၀) လောက်ကွာတဲ့ ရွာပြင်က သစ်ပင်တန်းလေးနားတ၀ိုက်ကိုကြည့်ခိုင်းလိုက်ပါတယ်။ ကျနော်တို့ရှိနေတဲ့နေရာအောက်က မိသားစုကိုတော့ အသံမထွက်ဖို့ လက်ညှိုးပေါ်လက်တင်ပြီး အချက်ပြလိုက်ရပါတယ်။ ချေမှူန်းရေးအဖွဲ့ကသတ်မှတ်နေရာရောက်သွားလို့ နေရာယူကြပြီးတော့ ကိုယ့်အဖွဲ့ကိုတိုက်ခိုက်လာမယ့် အနေအထားရှိနေမလားလို့ ပတ်ဝန်းကျင်တ၀ိုက်က လူတွေရဲ့အမူအယာတွေကို ကျနော်တို့လည်း သေချာအကဲခတ်နေရပါတယ်။



ပတ်ဝန်းကျင်အနေအထားကိုသိအောင် စောင့်ကြည့်အကဲခတ်တဲ့နေရာမှာ အကြမ်းဖက်သမားတွေလို စဉ်းစားတွေးခေါ်ပြီး သူတို့ဘယ်နားမှာရှိနေနိုင်မလဲဆိုတဲ့ ဆဋ္ဌမအာရုံမျိုးနဲ့ စောင့်ကြည့်ရပါတယ်။ ပတ်ဝန်းကျင်အခြေအနေကကောင်းနေသလိုရှိနေရင်းနဲ့ ရုတ်တရက်…

“စစ်တိုက်နိုင်တဲ့အသက်အရွယ် (MAM) ရှိတဲ့ လူသုံးယောက် သစ်ပင်တန်းတွေကွယ်ပြီး လှုပ်ရှားနေတာတွေ့နေရတယ်လို့… ”

 ပီ က ကျနော့်ကိုခပ်တိုးတိုးလှမ်းပြောလာပါတယ်။ အဲဒါနဲ့ကျနော်လည်း ပီ ပြောတဲ့ သစ်ပင်တန်းဘက်ကို သေနတ်မှာတပ်ထားတဲ့ မှန်ပြောင်းကတဆင့် လှမ်းပြီးအကဲခတ်လိုက်တော့ သွေးခုန်နှုန်းကတဒုန်းဒုန်းနဲ့ပိုမြန်လာပါတယ်။ ကျနော့်လက်တွေကပူနွေးလာနေပြီး အာရုံငါးပါးလုံးကို သေနတ်မှန်ပြောင်းထဲကိုအပြည့်အ၀ထည့်ထားနေရပါတယ်။ အဲဒီမောင် (၃) ယောက်ဝတ်ထားတဲ့ အင်္ကျီရှည်အဖြူကြီးတွေအောက်မှာ ရှည်မျောမျောပစ္စည်းတွေရှိနေပြီး အဲဒါတွေကို အင်္ကျီပေါ်ကနေမှလက်နဲ့ထိန်းပြီး ကိုင်ထားကြပါတယ်။

“ ဘာတွေတုန်းဟ…”

လို့ ကျနော်လည်းဇဝေဇ၀ါဖြစ်နေတုန်း သူတို့ထဲကတယောက်က  AK-47 တလက်ကို ဗြုန်းဆိုထုတ်ချလိုက်ပြီး ချေမှုန်းရေးအဖွဲ့သားတွေရှိနေတဲ့ဘက်ကို လက်ညှိုးထိုးပြလိုက်ပါလေရော။ ကျနော်တို့အတွက်ပြဋ္ဌာန်းထားတဲ့ ရန်သူအားတိုက်ခိုက်နိုင်ခွင့်ဆိုင်ရာဥပဒေများ (Rules of Engagement) အရ ကျနော်တို့တပ်တွေ၊ တခြားမဟာမိတ်နိုင်ငံတပ်တွေနဲ့ အရပ်သားပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့လိုအပ်ပါတယ်။
ကျနော့်သေနတ်ရဲ့မှန်ပြောင်းထဲက အပေါင်းပုံသဏ္ဍန် ကြက်ခြေခတ်အမှတ်အသားရဲ့ဗဟိုချက် (Crosshairs) ကို AK ကိုင်ထားတဲ့မောင်ရဲ့ ရင်ဘတ်အပေါ်ပိုင်းကိုချိန်လိုက်ပါတယ်။ ဘာမှထွေထွေထူးထူး သိပ်စဉ်းစားနေစရာမလိုပဲ ကျနော့်ညာလက်မက သေနတ်ရဲ့လုံခြုံရေးခလုတ်ကိုဖွင့်လိုက်မိပါတယ်။ ယခင်ပစ်ခတ်မှုများအရ ပစ်မှတ်အကွာအဝေးကို မီတာ ၃၀၀ (၃၂၈ ကိုက်) ကိုချိန်ကိုက်ထားပါတယ်။ အခုပစ်မှတ်အနေအထားက နည်းနည်းပိုဝေးနေတော့ သေနတ်ပြောင်းကို နည်းနည်းလေးမြှင့်ချိန်ဖို့ လိုတယ်ဆိုတာ ကျနော်သိပါတယ်။ အဲတော့မှ ကမ္ဘာ့ဆွဲအားက ကျည်ဖူးကိုမြေပြင်ကိုဆွဲငင်တဲ့အခါ အနေတော်လောက်သွားကျပါလိမ့်မယ်။



ပြီးတာနဲ့ခလုတ်ပေါ်တင်ထားတဲ့ညာလက်ညှိုးကိုနောက်ကိုဆွဲညှစ်လိုက်ပါတယ်။ အဲဒီအခိုက်အတံ့ အချိန်ပိုင်းလေးအတွင်း တလောကလုံးမှာ ကျနော့်ညာလက်ညှိုးနဲ့မျက်လုံး အဲဒီနှစ်ခုပဲရှိနေသလို ခံစားလိုက်ရပါတယ်။ လေကတော့ အရှေ့မြောက်ဘက်ကနေ တနာရီ သုံးမိုင်လောက်နှူန်းနဲ့ ခပ်ပြေပြေတိုက်နေပါတယ်။ ကျနော့်အနေနဲ့ AK ကိုင်ထားတဲ့မောင်နဲ့ မလှမ်းမကမ်းက သစ်ရွက်တွေလှုပ်တာနဲ့ ချုံဖုတ်တွေယမ်းတာတွေကို ကြည့်ပြီး လေတိုက်နှူန်းနဲ့ဦးတည်ရာကို ပြောနိုင်ပါတယ်။
ဒုတ်ခနဲအသံသဲ့သဲ့ထွက်ပြီး ကျည်ဖူးကပစ်မှတ်ရှိရာကိုဦးတည်ထွက်သွားပေမယ့် သေနတ်ဒင်က နောက်ကိုပြန်ကန်တဲ့အားကိုထိန်းပြီး ပစ်မှတ်ရှိတဲ့နေရာကိုဆက်ပြီး ကျနော်ဆက်ကြည့်နေမိပါတယ်။ ကျည်လည်းထွက်သွားပြီးရော သေနတ်ချောဆီနဲ့ ကော်ဒိုက်ယမ်းတွေကို လောင်ကျွမ်းတဲ့အနံ့ကအနားတ၀ိုက်မှာ ခပ်စူးစူးရလာပါတယ်။ ကျည်ဖူးကပစ်မှတ်ကိုမထိသေးခင် စောင့်ကြည့်နေရတဲ့အချိန်က တကမ္ဘာလောက်ကြာတယ်လို့ထင်ရတယ်။

၁၇ ၅ဂရိန် (11.375 g) လေးတဲ့ကျည်ဖူးက AK ကိုင်ထားတဲ့မောင်ရဲ့လည်မျိုကိုဖောက်ဝင်သွားပါတယ်။ ကျည်ထိသွားပြီးပြုတ်မကျခင် အဲဒီမောင်ရဲ့ကိုယ်က တချက်ဆန့်ကနဲ ဖြစ်သွားတာကို တွေ့နေရပါတယ်။ ကျနော်ပစ်တာနဲ့တပြိုင်နက်တည်းလောက်မှာပဲ ပီ က ပစ်ပါတယ်။ Supressor တပ်မထားတဲ့ ပီ့သေနတ်က ၁၉၀ ဂရိန် (12.35 g) လေးတဲ့ (7.62 mm) ကျည်နဲ့ပစ်ရတဲ့ (.300 Winchester Magnum) အမျိုးအစားပါ။ သူ့သေနတ်ကျည်က ကျန်နေသေးတဲ့ နှစ်ယောက်ထဲက တယောက်ရဲ့ ၀ဲဘက်ဦးခေါင်းပိုင်းကို သွားထိပြီး  ခေါင်းကနှစ်ခြမ်းကွဲသွားပါတယ်။ ပီ့သေနတ်က တခါပစ်ပြီးတခါမောင်းတင်ကျည်ထိုးရတဲ့ Bolt Action Rifle အမျိုးအစားဆိုတော့ နောက်တချက်ပစ်ဖို့ သူမောင်းမတင်ရသေးခင်မှာပဲ နောက်ဆုံးကျန်တဲ့တယောက်ကို ကျနော်ချိန်ထားပြီးပါပြီ။

နောက်ဆုံးကျန်တဲ့ တယောက်ကိုကြည့်ရတာတော်တော့ကို သွေးပျက်သွားတဲ့ပုံပါ။ ကျေးဇူးရှင်က အင်္ကျီအောက်မှာဖွက်ထားတဲ့ AK ကိုထုတ်ပြီး မကောင်းသူထိပ် ကောင်းသူထိပ် လျှောက်ပစ်ပါတော့တယ်။ အဲဒီမောင် သွေးရူးသွေးတန်းနဲ့ပြေးတော့မယ်ဆိုတာကို ကျနော်တွက်မိတော့ သူ့ရှေ့ကို နည်းနည်းလေး (Half a mil-dot) လျှော့ချိန်ပြီး သေနတ်ရဲ့ခလုတ်ကိုညှစ်ချလိုက်ပါတယ်။ ပစ်ပြီးတာနဲ့အသက်တချက်ရှူလိုက်ပြီး အပစ်ခလုတ်ကို သူ့နေရာကျအောင် ပြန်တွန်းလိုက်ပါတယ်။ ကျည်ကအဲဒီမောင်ရဲ့ရင်ဘတ်ကိုဖေါက်ဝင်ပြီး ကိုယ်နောက်ခြမ်း ညာလက်ပြင်ရိုးကနေ ဖေါက်ထွက်သွားပါတယ်။ အဲဒီတယောက် ခြေတလှမ်းပဲ ဆက်လှမ်းလိုက်နိုင်ပြီး ရှေ့ကိုဟပ်ထိုးလဲကျသွားပါတယ်။ ပစ်မှတ်အားလုံးကိုရှင်းပြီးတာနဲ့ ချေမှုန်းရေးအဖွဲ့ခေါင်းဆောင်ကိုလှမ်းအကြောင်းကြားလိုက်ပြီး ပတ်ဝန်းကျင်အနေအထားကို ဆက်ပြီးစောင့်ကြည့်နေလိုက်ပါတယ်။



ပြီးတာနဲ့ ပီ့ဘက်ကိုတချက်ကြည့်လိုက်ပြီး ထိချက်တွေကောင်းတယ်လို့ လှမ်းအသိပေးလိုက်ပါတယ်။ လုပ်စရာရှိတာကို ဆက်လုပ်နေရတော့ လောလောဆယ်ဇာချဲ့နေဖို့အချိန်ကမရှိဘူးလေ။  တပ်ပြန်ရောက်မှဆက်ပွားလို့ရတာပဲ။ ကျနော်နဲ့ ပီနဲ့က ဘယ်နှယောက်ပစ်ပြီးပြီဆိုတာထက် ဒီ့ထက်ကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတာကိုစဉ်းစားရတာ ပိုအားသန်ပါတယ်။ ပစ်လိုက်တာဘယ်လောက်ပဲထိချက်မှန်မှန်၊ လုပ်လိုက်တဲ့စစ်ဆင်ရေးလုပ်ငန်းစဉ် ဘယ်လောက်ပဲအဆင်ပြေပြေ၊ ကောင်းသထက်ပိုကောင်းအောင်လုပ်ရမယ့် အနေအထားလေးတွေကတော့ ရှိရှိနေတာပါပဲ။
လူတယောက်ကိုပစ်ရတယ်ဆိုတာ သိပ်တော့ထူးထူးခြားခြားမရှိလှပါဘူး။ စိတ်ထဲမှာ ခံစားရတဲ့အနေအထားက စိတ်ကူးယဉ်တော့ဆန်ပါတယ်။ လူတယောက်ကို ကိုယ့်သေနတ်ရဲ့မှန်ပြောင်းထဲကနေချိန်ပြီး ပစ်ရတာ၊ ပုံမှန်စက်သေနတ် ဒါမှမဟုတ် ချေမှူန်းရေးရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ရတာနဲ့လုံးဝမတူပါဘူး။ မှန်ဘီလူးပါတဲ့မှန်ပြောင်းထဲမှာ မြင်ရတဲ့ ပစ်မှတ်ကကိုယ့်အနားကိုယ်အရမ်းကပ်လာတော့ သူတို့မျက်တောင်ခတ်တာ၊ အသက်ရှူသွင်းလိုက်လို့ ရင်ဘတ်ဖောင်းလာတာ၊ ကျည်ဖူးကအရေပြားကိုဖေါက်ပြီး ကိုယ်ထဲကိုဝင်သွားတာတွေအဆုံးအတိုင်းသားမြင်နေရပါတယ်။

ကျနော့်အနေနဲ့ဘယ်သူ့ကိုမှ ခေါင်းကိုရွေးပစ်တာမျိုးမလုပ်ခဲ့ဖူးပါဘူး။ ခေါင်းကလွဲပြီး ပစ်စရာလုံးဝမရှိမှပဲ ခေါင်းကိုပစ်ပါတယ်။ ပစ်မှတ်က မီတာ ၁၀၀ (၃၂၈ ပေ) အတွင်းမှာဆိုရင် အနံ ၉ လက်မလောက်ပဲရှိတဲ့ ခေါင်းအစား၊ လက်မ ၂၀ ရှိတဲ့ ကိုယ်အလယ်ပိုင်းကိုပဲပစ်ပါတယ်။ ရုပ်ရှင်ထဲမှာလိုမဟုတ်ဘူးဗျ။ ခေါင်းထိထိ၊ ကိုယ်ထိထိ မသေမှာလုံးဝစိတ်မပူရပါဘူး။ ဒီနေ့ပစ်ခတ်မှုကတော ဒီနိုင်ငံရောက်ပြီးမှ ပထမဆုံးပါ။ ဒါပေမယ့် ရှေ့လမယ့် ၃ လခွဲ ကာလ တလျှောက်လုံး နေ့တိုင်းဒီအတိုင်းလာလိမ့်မယ်ဆိုတာ ကျနော်တို့လုံးဝမရိပ်မိကြပါဘူး။ စစ်တိုက်တယ်ဆိုတာက ကိုယ်လုပ်ရမယ့်အလုပ်၊ စစ်ဆင်ရေးလုပ်ငန်းစဉ်နဲ့ တိုက်ဖေါ်တိုက်ဖက်၊ သေဖေါ်ရှင်ဖက်ညီနောင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ပါ။ စနိုက်ပါတယောက်ရဲ့ခံစားချက်က စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေကို စောင့်ကြည့်နေရသလိုပါပဲ။ ရန်သူကိုချောင်းမြောင်းပစ်ခတ်ရတာနဲ့ ကားလို့စ်ဟက်သ်ကော့ခ် (Carlos Hathcock) တို့လိုမျိုးစနိုက်ပါတွေအကြောင်းနဲ့ လူတယောက်ကို စွမ်းအားမြင့်ရိုင်ဖယ်နဲ့ပစ်ခတ်ရတဲ့ သူတို့အတွေ့အကြုံတွေကို ကျနော်ကြားဖူးပါတယ်။ မနုဿ      အမဲလိုက်တာနဲ့ပတ်သက်ပြီး သူတို့ပြောပြတဲ့စိတ်ခံစားမှုမျိုးတွေကလည်း ကျနော်ဖြင့်သေချာတောင်နားမလည်ပါဘူးဗျာ။ အဲဒါနဲ့ သမင်တို့ ကြက်ဆင်တို့ကိုလိုက်ပစ်ရတဲ့ ဖီလင်မျိုးဖြစ်လိမ့်မယ်လို့ပဲ တွက်ထားလိုက်တယ်

၂၀၀၅ ခုနှစ်မှာ Ranger တပ်ဖွဲ့ထဲကိုရောက်တော့

“ မနုဿ     မုဆိုး ရယ်လို့ဖြစ်လာပြီးတာနဲ့ တိရစ္ဆာန်တွေကို အမဲလိုက်ဖြစ်တော့မှာမဟုတ်ဘူး…"  လို့

ကျနော့်တပ်ခွဲတပ်ကြပ်ကြီးက ကျနော့်ကိုပြောခဲ့ဖူးပါတယ်။ ရန်သူတွေကိုပစ်ရတာနဲ့ ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ ဘာမှသိပ်တော့ဆိုးဆိုးရွားရွားမခံစားရပါဘူး။ သူတို့ကိုမပစ်ရင် သူတို့ကကျနော့်ကို ဒါမှမဟုတ် ကျနော့်ရဲ့သေတူရှင်ဖက် တိုက်ဖေါ်တိုက်ဖက် ညီနောင်တွေကိုသူတို့ကပစ်မှာပဲ။ သဘောတရားကစင်းစင်းလေးပါ။ အဲလိုပဲကျနော်တို့မြင်တယ်။ အဲဒီတိုင်းပဲလုပ်စရာရှိတာလုပ်ပါတယ်။ တိုက်ကြခိုက်ကြပြီဟေ့ဆိုရင် စိတ်ခံစားချက်တွေတော့ ဖြစ်လာတတ်တာပဲ။ ခံစားသင့်တဲ့အချိန်ကျရင်ခံစားလိုက်၊ ထိန်းချုပ်ထားသင့်တဲ့အချိန်ကျရင်ထိန်းချုပ်ထားလိုက်ရတာပေါ့လေ။

အထူးစစ်ဆင်ရေးတပ်ဖွဲ့တခုမှာ စနိုက်ပါတယောက်ဖြစ်ဖို့မပြောနဲ့ သမရိုးကျတပ်ဖွဲ့တခုမှာ စနိုက်ပါဖြစ်ဖို့ဆိုတာတောင် တော်တော့ကိုစွမ်းဖို့လိုအပ်ပါတယ်။ ပစ်မှတ်တွေကိုထိချက်မှန်တာထက် ဘောင်ထဲကနေဖေါက်ထွက်ပြီး တွေးခေါ်နိုင်ရပါမယ်။ စနိုက်ပါတယောက်ဖြစ်ဖို့ဆိုရင် ၉၀% ကစဉ်းစားတွေးခေါ်မှုနဲ့သက်ဆိုင်ပြီး ကျန်တဲ့ ၁၀% လောက်ကပဲ ပစ်မှတ်ကိုထိအောင် ကျွမ်းကျင်မှုရှိရှိနဲ့ ပစ်ခတ်နိုင်ဖို့လိုအပ်တာပါ။ စနိုက်ပါဖြစ်ဖို့ဆိုတာ စိတ်နေမှန်ဖို့နဲ့ တည်ငြိမ်မှုရှိဖို့လိုအပ်တယ်လို့ပြောရင် မအပ်စပ်တာတွေပြောနေတယ်လို့တောင် ထင်ခံရနိုင်ပါတယ်။ စနိုက်ပါမပြောနဲ့ စနိုက်ပါဖြစ်ဖို့ ပဏာမအနေနဲ့ စစ်ဆေးခံဖို့ အရွေးခံရတဲ့သူဖြစ်ဖို့တောင်မှ နာရီပေါင်းမြောက်မြားစွာ ကြာမြင့်တဲ့ စမ်းသပ်မှုပေါင်းမျိုးစုံနဲ့ စမ်းသပ်စစ်ဆေးခံရပါတယ်။ အဲဒီလိုမျိုးတွေဖြတ်သန်းပြီးသွားတော့မှ သာမန်စစ်သားတယောက်အဖြစ်ကနေ ကျည်ဆံနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူပါရဂူတယောက် ဖြစ်လာပါတော့တယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...