Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Thursday, 28 August 2014

နှလုံးသားကကြားနိုင်သည်..(၁)


အမေ..အမေ..ထပါဦးအမေရယ်
-
ဟဲ့ဘယ်သူတုန်း..
-
အမေ..သားဖြိုးဝေပါ...တံခါးဖွင့်ပါဦး..
-
အေး..အေး...ဟဲ့..အမလေးးးးဘယ်လိုဖြစ်တာလဲသားကြီးရယ်..တကိုယ်လုံးသွေးတွေရွှဲလို့..ဘုရား..ဘုရား..
-
သားအမေ့စကားနားမထောင်မိခဲ့လို့ခုဒုက္ခရောက်နေပြီအမေရယ်..အမေ့ကိုသားလာကန်တော့တာပါ..သားကိုသနားရင်သားကလေးတွေကိုကူညီစောင့်ရှောက်ပါဦးအမေရယ်..သားသွားတော့မယ်နော်..
-
ဟဲ့..နေဦးလေ..သားကြီး..ဘာဖြစ်တာလဲအမေ့ကိုပြောပါဦး..သားကြီးးးးသားကြီးးးး
-
ဟ..မိန်းမ...မိန်းမ..အိပ်မက်တွေမက်ပြီးယောင်နေပါပြီ...
-
ဟင်..ကျွန်မအိပ်မက်မက်နေတာလား...တကယ်လိုပါဘဲလား...
-
ဟုတ်ပါ့ကွာ..မင်းအိပ်မက်မက်ပြီးယောင်နေတာ..တကတည်း..လန့်တောင်သွားတယ်...
-
အင်း..ကျွန်မအိပ်မက်ထဲမှာသားကြီးကိုတွေ့တယ်..တကယ်လုံးသွေးတွေရွှဲလို့..ဖွဟဲ့..လွဲစေဖယ်စေ..သားကြီးဘာမှမဖြစ်ပါစေနဲ့..ကျွန်မစိတ်တွေလေးလိုက်တာရှင်...
-
မင်းကတချိန်လုံးသားတွေဆီဘဲစိတ်ရောက်နေတာကိုး..စိတ်စွဲလို့ဖြစ်မှာပါကွာ..
-
မဟုတ်ဘူးယောက်ျားရဲ့..အိပ်မက်ထဲမှာကျွန်မတံခါးဖွင့်လိုက်တော့ကျွန်မတို့အိမ်မဟုတ်ဘူး..အပြင်ဘက်မှာငှက်ပျောပင်အုပ်တွေကြားမှာသားကြီးရပ်နေတာ..သားတော့တခုခုဖြစ်ပြီထင်တယ်..
-
အေးပါကွာ..ပြောမရလည်းမနက်ကျမှဖုန်းဆက်ကြည့်လိုက်..ခုတော့ပြန်အိပ်...ရင်တုန်နေရင်ရေလေးဘာလေးသောက်လိုက်ဦး..
-
အင်းပါရှင်...မနက်မှဖုန်းဆက်ကြည့်ဦးမယ်..
-
ပြောပြောဆိုဆိုဒေါ်နှင်းဦးဝေတယောက်ရေတခွက်ထသောက်ပြီးပြန်အိပ်ဖို့ကြိုးစားသည်..ခက်တာကဘယ်လိုမှအိပ်မပျော်..စိတ်တွေကမငြိမ်..သွေးအရွှဲသားနှင့်သားပုံစံကိုမြင်ယောင်ရင်းစိုးရိမ်စိတ်တွေကရင်ကိုပူလောင်နေစေသည်..မိုးသာမြန်မြန်လင်းစေချင်တော့သည်..အတွေးတို့ယောက်ယက်ခတ်ရင်းစိတ်ကအတိတ်ကိုပြန်လည်ရောက်ရှိသွားသည်..တနေ့..ထိုတနေ့ကပေါ့..သားကြီးမိန်းကလေးတယောက်အိမ်အလည်ခေါ်လာသည်လေ..ညိုညိုချောချောသူမအသွင်ကကြည့်ကောင်းလှသော်လည်းမျက်လုံးများကတော့အိနြေ္ဒမရဟုဒေါ်နှင်းဦးဝေထင်မိသည်..စိတ်ထဲတွင်ထိုမိန်းမချောလေးကိုအလိုလိုမနှစ်သက်..ခက်တာကသူမကသာမနှစ်သက်တာ..သားတော်မောင်ကတော့စွဲစွဲလမ်းလမ်း..သူ့ချစ်သူမိန်းကလေးကိုမိခင်ဖခင်တို့အားခေါ်ပြခြင်း..တနည်းအားဖြင့်အတောင်စုံပြီးအဝေးပျံတော့မည့်ငှက်တကောင်၏ကြေငြာမောင်းခတ်သံ...မိန်းကလေးကနယ်က..ဧရာဝတီတိုင်းသူ...နာမည်လေးကမြပန်းနွယ်..ချစ်သောသားကြီးကမိန်းကလေးနှင့်လက်ထပ်ပြီးဆံထုံးနောက်ယောင်ပါလိုက်ပါသွားမည်ဆိုဘဲ..ဒေါ်နှင်းဦးဝေရင်နှစ်ခြမ်းဗြန်းဗြန်းကွဲသလိုခံစားရသည်..ချစ်ရလွန်းသောသားကြီးအတောင်အလက်စုံစွာအဝေးကိုပျံတော့မည်..ကျွန်မကိုခွဲထားခဲ့တော့မည်..သားကြီးကိုသဘောမတူနိုင်ကြောင်းတိုးတိုးကျိတ်ကျိတ်တားသည်..မရ..မဘက်လိုက်ပြီးမိုက်ဘက်ပါလို့အမေနဲ့စကားများရသည်..မိခင်ကိုစကားမပြောဘဲဆန္ဒပြသည်..အိမ်မှာထမင်းပြန်မစား..ဒီလိုဆိုတော့ဝမ်းနဲ့လွယ်မွေးရသူကျွန်မကသာနောက်ဆုံးအလျှော့ပေးလိုက်ရပါတော့သည်..သားကြီးစိတ်တိုင်းကျမင်္ဂလာပွဲကျင်းပပေးပြီးတမြို့တရွာမှာချစ်သောသားကြီးမျက်နှာမငယ်ရအောင်လိုအပ်သောအရင်းအနှီးများပြည့်ပြည့်စုံစုံထဲ့ပေးလိုက်သည်..အော်..သားကြီးပျော်ပါစေတော့..တနေ့တော့မိဘမေတ္တာသူသဘောပေါက်လာပါလိမ့်မည်လေ..ကျွန်မကတော့သားကြီး၏အိမ်သို့တကြိမ်တခါမှမသွားလည်ဖြစ်ခဲ့ပါ..ထိုမိန်းကလေးမြပန်းနွယ်ကိုကျွန်မစိတ်ထဲယခုချိန်ထိသဘောမတွေ့..သားကြီးကတော့နယ်မြို့လေးတွင်ပွဲရုံထောင်ထားသည်..လုပ်ငန်းကောင်းပြီးစီးပွားရေးအဆင်ပြေနေသည်..အလုပ်ကိစ္စနှင့်ရန်ကုန်လာတိုင်းမိဘတွေဆီဝင်တွေ့နေကျ..သီတင်းကျွတ်ဆိုမိသားစုလာကန်တော့နေကျ..ခုဆိုမြေးလေးနှစ်ယောက်ပင်ကျွန်မရနေပေပြီ...မြေးများကိုချစ်သောကြောင့်နွေရာသီကျောင်းပိတ်ရက်များတွင်အိမ်လည်ခေါ်ထားတတ်ပေမယ့်မြပန်းနွယ်နှင့်တအိမ်ထဲနေလိုစိတ်မရှိတာကြောင့်သူတို့နေတဲ့မြို့ကိုတော့တကြိမ်မှမရောက်ဖြစ်ခဲ့တာအမှန်..ခုတော့သားကြီးဘာဖြစ်သည်မသိ..မိခင်စိတ်နှင့်သိနေသည်..သားကြီးတခုခုဆိုးဆိုးရွားရွားဖြစ်နေပြီဟု..ဘေးနားကအပူအပင်ကင်းမဲ့စွာအိပ်နေေသာခင်ပွန်းဦးတင်မောင်ကိုကြည့်ရင်းမေတ္တာပွားမိသည်..ဒင်းဘဲကောင်းသည်..ပူပန်ရမှန်းမသိ...ကိုယ့်မှာတော့ဝမ်းနဲ့လွယ်မွေးလာရတဲ့သား..သားဦးမို့ရူးခဲ့ရသည့်အချစ်ဆုံးသားမို့ပူလောင်မှုတွေနဲ့အိပ်မပျော်ဘဲမိုးသာစင်စင်လင်းသွားတော့သည်...

မနက်အိပ်ယာထပြီးမျက်နှာသစ်..ဘုရားပန်းလဲနေစဉ်ဝိုင်းကူပေးနေသောသမီးစိုးစိုးဝေက
-
အမေ..ညကကိုကြီးကိုအိပ်မက်မက်တယ်..သမီးကိုညီမလေး..မိဘစကားနားထောင်နော်..ကိုကြီးတော့မိဘစကားနားမထောင်လို့ဒုက္ခရောက်ရပြီ..ညီမလေးလိမ်မာပါလို့လာပြောတယ်..သိလား..အမေ..ကိုကြီးဘာဖြစ်နေလဲမသိဘူး..သွေးတွေနဲ့..
-
အမလေး..ဘုရား..ဘုရားးးး..ငါ့အိပ်မက်လိုပါဘဲလား..မဖြစ်ဘူး..ခုဖုန်းဆက်မှ..သမီးလေး..မေမေ့ဖုန်းသွားယူစမ်း..အိပ်ခန်းထဲမှာ..
-
ဟုတ်ကဲ့မေမေ..
-
ကျွန်မသားကြီးဖုန်းကိုခေါ်သည်..အကြိမ်ကြိမ်ခေါ်သော်လည်းစက်ပိတ်ထားသည်သာကြားနေရသည်..လူကနေမထိထိုင်မသာ..နောက်ဆုံးနံပါတ်သာမှတ်ထားပြီးတကြိမ်တခါမှမခေါ်ခဲ့ဖူးသောဖုန်းနံပါတ်တခုကိုနှိပ်လိုက်သည်..ချွေးမဖြစ်သူမြပန်းနွယ်၏ဖုန်း...တဖက်မှဖုန်းကိုင်သည်..
-
ဟလို..မြပန်းနွယ်လား...
-
ဟုတ်ကဲ့အမေ..
-
သားဖြိုးဝေရှိလား..သားဖုန်းကိုခေါ်နေတာမရလို့ညည်းဖုန်းကိုခေါ်လိုက်တာ
-
ကိုကိုမရှိဘူးအမေ..ဟိုတနေ့ကဘဲအလုပ်ကိစ္စနဲ့ရှမ်းပြည်ဘက်တက်သွားတယ်..
-
ဟုတ်လား..ဒါဆိုဘာလို့ဖုန်းပိတ်ထားပါလိမ့်...ခေါ်နေတာစက်ပိတ်ထားတယ်ဘဲဖြေနေတယ်ကွယ့်
-
လိုင်းမမိလို့ပိတ်ထားတာနေမှာပေါ့အမေရယ်..ကိုကိုဖုန်းဆက်ရင်အမေဖုန်းဆက်ကြောင်းပြောလိုက်ပါ့မယ်..
-
အေး..အေး..သူ့ဖုန်းရရင်ချက်ချင်းဖုန်းပြန်ဆက်ခိုင်းလိုက်
-
ဟုတ်ကဲ့အမေ
-
ထိုနေ့ကတနေကုန်ကျွန်မဖုန်းမျှော်သည်..သားရဲ့ဖုန်းမလာ..နောက်တရက်..နှစ်ရက်..သားရဲ့ဖုန်းကမ၀င်လာခဲ့ပါ..ကျွန်မရင်တွေပူလှပါပြီ..စားလည်းမ၀င်..ညတွေလည်းအိပ်စက်ခြင်းပျောက်ဆုံးကုန်ပြီ..စိုးရိမ်ပူပန်မှုတွေနှင့်မျက်လုံးများကြောင်နေသည်..နောက်ဆုံးခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်သည်..တကြိမ်တခါမှမရောက်ဖူးခဲ့သောသားဖြိုးဝေ၏အိမ်ကိုလိုက်သွားတော့မည်ဟု......
-
ဆက်ရန်....

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...