ဒီနေ့ကတပ်ရင်းမွေးနေ့..တပ်ရင်းမှာတပ်မိသားစုကိုပျော်ပွဲရွှင်ပွဲလေးလုပ်ပေးတာပေါ့..နေ့ပိုင်းကတော့တပ်ခွဲအလိုက်ဘောလီဘောနဲ့ဘောလုံးဗိုလ်လုပွဲ..ခြေစစ်ပွဲတွေကတော့ကြိုပြိုင်ပြီးပြီပေါ့..ဗိုလ်လုပွဲတွေကတော့ဒီနေ့မှကျင်းပသည်...ညနေပိုင်းစင်ထိုးသည်..ပျော်ပွဲဆိုတော့တက်ကြွလိုက်ပါသည့်ရဲဘော်ရဲမေများ..လုပ်အားပေးကြသည်မှာသွက်သွက်လက်လက်..ဘာတွေလုပ်မည်ဆိုတာတလလောက်ကြိုပြီးအစည်းအဝေးထိုင်ကြစီစဉ်ကြပြီးသား..တပ်တွင်းမိသားစုတွင်းမှဖိုးဆိုချင်..မယ်ဆိုချင်တို့အတွက်ကာရာအိုကေစင်ထိုးပေးထားသည်..တပ်ရင်းခန်းမထဲဗွီဒီယိုညလုံးပေါက်ပြမည်..ဘောလုံးကွင်းပတ်လည်တပ်မိသားစုဝင်များရောင်းသည့်မုန့်ဆိုင်အသုတ်ဆိုင်များကစည်စည်ကားကား..ကွင်းထဲတွင်လည်းနို့ဆီခွက်ပစ်..သားရေကွင်းပစ်..ခေါင်းအုံးရိုက်ပွဲ..စသဖြင့်ပျော်စရာကစားပွဲနေရာလေးများသတ်မှတ်ပေးထားသည်..လူအစည်ဆုံးကတော့ကာရာအိုကေစင်နေရာ..အနီးကပ်ကြီးကြပ်ရန်တာဝန်ပေးထားသောတပ်ရင်းအရာခံဗိုလ်ကြီးနှင့်ဆရာကြီးစီကြူကတော့ခေါင်းကိုက်ရှာသည်..တပ်ရင်းမှအရာရှိအရာခံအကြပ်တပ်သားအားလုံးတော့ဒီတညလွတ်လပ်စွာနားဒုက္ခခံကြစေသတည်းပေါ့...ဗိုလ်ကြီးသွင်ဦးလည်းယူနီဖောင်းဘောင်းဘီမလဲတော့ဘဲအပေါ်ပိုင်းသာစပို့ရှပ်တထည်ကောက်စွပ်ပြီးကွင်းထဲသို့တပ်မိသားစုအခြေအနေကြည့်ရန်ထွက်လာသည်..အားလုံးပျော်ပျော်ရွှင်ရွှင်မို့အပင်ပန်းခံစီစဉ်ရကြိုးတော့နပ်ပါသည်..တပ်ရေးဗိုလ်ကြီးဆိုတာအရာရာခေါင်းကိုက်ရသူလေ...
ပွဲခင်းထဲလှည့်ပတ်ကြည့်ရင်းအနောက်ကတစုံတယောက်မိမိအကျီင်္စကိုလှမ်းဆွဲလိုက်သဖြင့်တုံ့ကနည်းဖြစ်သွားသည်..လှည့်ကြည့်လိုက်တော့..မြတ်စွာဘုရား...ပေါက်ကျော်မလေးပါလား..သူ့ကိုသွားလေးပေါ်အောင်ရီပြနေသည်မို့ပြန်ပြုံးပြလိုက်သည်..စိတ်ထဲကတော့ဘာကောင်ကိုက်ခံရဦးမလဲတွေးပြီးဟိုကြည့်ဒီကြည့်..အခြေအနေမဆိုး..ဘာကောင်မှပါလာတာမတွေ့..ဒီတော့မှမေးဆတ်ပြရသည်..ဘာကိတ်လဲပေါ့..မရွှေချောလေးက..
-
ဟီးးးးဦးဦး..မျက်ခြယ်ကိုအသုတ်ဝယ်ကျွေးပါလားဟင်..
-
ငင်..ဒါကတော့ပလိန်းကိတ်ကြီးဘဲ..စိတ်ထဲကပြောခြင်းပါ..ပါးစပ်ကထုတ်ပြောလို့မှမဖြစ်တာ..ဒါပေမယ့်နည်းနည်းတော့အထွန့်ပြန်တက်လိုက်သည်..ဘယ်လိုလုပ်မလဲ..မကျွေးဘူးလို့ပြောလို့ရတာလည်းမဟုတ်ဘူးလေ..
-
ညီမလေးကိုမေမေကမုန့်ဖိုးမပေးလိုက်ဘူးလား..(သူ့ဖာသာဦးဦးခေါ်တာ..ရဘူး..ကိုယ်တွေကတော့ညီမလေးဘဲ..နုချင်တာ)
-
မျက်ချယ်ဒါတွေဝယ်လိုက်တာကုန်သွားလို့..
(လက်ထဲကြည့်လိုက်တော့ကလစ်ပေါက်စလေးတွေချောကလက်လုံးလေးတွေနဲ့ဘာလေးတွေမှန်းမသိကျွတ်ကျွတ်အိတ်လေးထဲစုထည့်ထားသည်)
-
အင်းလေ..၀ယ်ကျွေးရမှာပေါ့..ဒါပေမယ့်အပေးအယူတော့ရှိတယ်..ကိုကြီးကမုန့်ဝယ်ကျွေးမယ်..ညီမလေးကကိုကြီးလို့ခေါ်နော်..ဦးဦးလို့မခေါ်နဲ့..
-
ဟင်..မျက်ချယ်ကလေးစားသမှုနဲ့ခေါ်တာကို..
-
အမလေးဗျာ..ညည်းလေးစားတာကျုပ်ခေါင်းဆံပင်တွေတောင်ဖြူချင်လာသလိုလိုဖြစ်ပေါ့..ကိုကြီးဘဲခေါ်ပါညီမလေးရယ်..နော်..လိမ်မာပါတယ်..
-
ပြီးရော..ပြီးရော..ကိုကြီးဆိုလည်းကိုကြီးပေါ့..ခုကအသုတ်ဝယ်ကျွေးမှာလား..မကျွေးဘူးလား
-
ဟောဗျာ..ရာဇသံနဲ့..ကျွေးပါ့မယ်ဗျာ..သွား..သွား..ဘယ်ဆိုင်လဲ..
-
မရွှေချောလေးကတော့ဘောက်ဆတ်ဘောက်ဆတ်နဲ့အသုတ်ဆိုင်ချီတက်သွားသည်..အင်း..မထူးပါဘူး..ကိုယ့်ဗိုက်လည်းတပွဲလောက်ဖြည့်မှပါလေ..အသုတ်ဆိုင်ထိုင်တော့အသုတ်နှစ်ပွဲမှာလိုက်သည်..သူတပွဲစားမကုန်ခင်မရွှေချောကနောက်တပွဲမှာနေပြီ..စုစုပေါင်းသူမတယောက်ထဲသုံးပွဲကြိတ်သွားသည်..သောက်ကျိုးနည်း..အားမနာလျှာမကျိုးဝိုက်တဲ့ကောင်မလေး..စားပြီးတော့သူမအိမ်သွားသည့်ဟိုဘက်ကွင်းစပ်ဘက်လိုက်ပို့ပေးဖြစ်သည်..ကွင်းစပ်ဖက်ရောက်တော့မရွှေချောလေးကကိုကြီး..ရော့တဲ့..ဘာပါလိမ့်လို့လက်ဖြန့်လိုက်တော့ဘောလုံးပုံခဲစက္ကူပတ်ထားသည့်ချောကလက်လေးသုံးလုံး..အလိုလေးဗျာ..လူကိုသူနဲ့ရွယ်တူကျနေတာဘဲ..မယူဘူးပြောမလို့ကြည့်တော့သူမလေးကအိမ်ဘက်ပြေးနေပြီ..ပြေးရင်းကနောက်ပြန်ကြည့်ပြီးသူ့ကိုလက်ပြနေသေးသည်..ဗိုလ်ကြီးသွင်ဦးအထိတ်တလန့်နှင့်ဟဲ့..ဟဲ့..အော်သံမဆုံးခင်ကွင်းစပ်နားကဘောလီဘောပိုက်တန်းသည့်တိုင်ကိုဒုန်းကနည်းဝင်ဆောင့်တော့သည်..ကဗျာကယာလက်ထဲကချောကလက်လုံးတွေဘောင်းဘီအိတ်ထဲထိုးထဲ့..သူမကိုပြေးထူရသည်..ရှုံ့မဲ့မဲ့ရယ်ကျဲကျဲနဲ့ခေါင်းလေးပွတ်ပြီးအိမ်ပြန်သွားသည့်သူမကိုကြည့်ပြီးရိပ်သာဆီပြန်လျှောက်လာသည့်တလမ်းလုံးပါးစပ်မစေ့နိုင်အောင်ပြုံးဖြဲဖြဲဖြစ်လာမိတော့သည်.
ရိပ်သာရောက်တော့ပုဆိုးလေးပြောင်းဝတ်..ရေမိုးချိုးပြီးအနားယူချိန်ထိပေါက်ကျော်မလေးပုံစံကမျက်လုံးထဲကမထွက်..လူကလည်းအလိုလိုရီချင်ပြီးအူရွှင်နေမိသည်..နောက်နေ့မနက်အိပ်ယာထ..မျက်နှာသစ်..ကပျာကယာရုံးသွားဖို့လုပ်တော့လူပျိုအရာရှိပီသစွာမနေ့ကယူနီဖောင်းကိုဘဲကိုယ်လိမ်းပေါင်ဒါများများလိမ်းပြီးပြန်ဝတ်လိုက်သည်..တနေ့တစုံပြောင်းဝတ်ရအောင်ကိုယ်ကအိမ်ထောင်သည်မဟုတ်..လျှော်ပေးမယ့်မိန်းမလည်းမရှိ..ခါတိုင်းလည်းဒီလိုဘဲဝတ်နေကျ..ယူနီဖောင်းလဲပြီးရုံးကိုအပြေးတက်လာတော့ရုံးထဲဝင်ရုံရှိသေး..တပ်ရင်းမှုးကားဆိုက်လာတာတွေ့ရသဖြင့်ကဗျာကယာပြေးကြိုလိုက်သည်..တပ်ရင်းမှုးကိုအလေးပြုလိုက်စဉ်မိမိကိုယ်တွင်းတနေရာကဆစ်ကနည်း..သိပ်မကြာ..နောက်တနေရာဆစ်ကနည်း..မတွန့်လိမ်မိအောင်သတိနဲ့တင်းနေကာမှတပ်ရင်းမှုးကမနေ့ကပျော်ပွဲရွှင်ပွဲအကြောင်းမေးနေသည်..လူကတဆစ်ဆစ်နဲ့နာကျင်မှုကိုအံကြိတ်ခံရင်းဇောချွေးတွေလည်းပျံလာပြီ..တပ်ရင်းမှုးအမေးကိုကြိုးစားဖြေဆိုပြီးသကာလအိမ်သာဆီတချိုးတည်းပြေးရတော့သည်..တွေ့ပါပြီ..တရားခံ..ဘောင်းဘီအိတ်ထဲကပုရွက်ဆိတ်တက်နေသောချောကလက်သုံးလုံး..ခွေးမလေး..သူနဲ့တွေ့လိုက်ရင်အကောင်တမျိုးမျိုးတော့အကိုက်ခံရတာဘဲ..ကောင်းကျိုးကိုမပေး..ပုရွက်ဆိတ်ပြဿနာကိုအတော်ရှင်းလိုက်ရသည်..အော်..ဒီနေ့တွတ်ပီ..အယ်လေ..သွင်ဦးကံမကောင်းပါတကားးး
----
ဆက်ရန်
0 comments:
Post a Comment